ပူတာအို   ၁၈   ဧပြီ     

 

           

မြန်မာနိုင်ငံအေဂျီ(ဧဝံဂေလိ)အသင်းတော်များ၊ အမှတ်(၂)အေဂျီသာသနာခရိုင်၊ ကောင်သာသနာနယ်လက်အောက်ရှိ ကောင်ဧမာနွေလအေဂျီအသင်းတော်က စီမံဆောက်လုပ်ခဲ့သော “ဒိန”ဆုတောင်းတောင်တွင် ဆောက်လုပ်ပြီးစီးခဲ့သော ဗိမာန်တော် အနုမောဒနာဆုတောင်းပွဲ အခမ်းအနားကို ဧပြီ(၁၇)ရက် နံနက်(၁၀)နာရီက အဆိုပါ ဆုတောင်းတောင်၌ ကျင်းပသည်။

           

 

ရှေးဦးစွာ ကောင်ဧမာနွေလအေဂျီအသင်းတော် သင်းအုပ်ဆရာကြီး သိက္ခာတော်ရဆရာတော်ဖလားဒီးရမ်က “ဒိန”ဆုတောင်းတောင်တွင် ဆောက်လုပ်ပြီးစီးခဲ့သော ဗိမာန်တော်အား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးသည်။

 

1

           

 

အခမ်းအနား ဒုတိယပိုင်းကို ဗိမာန်တော်ဆုတောင်းဆောင်၌ ဆက်လက်ကျင်းပရာ သင်းထောက် ဦးဆရဲမနမ်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး   ဦးဘေလားမင်နှင့် ဦးဒဟမ်ဖုန်တို့က “ဒိန”ဆုတောင်းတောင်ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းကို ပြောကြားသည်။ ထို့နောက် ဗိမာန်တော်ဆောက်လုပ်ရေး ကော်မတီအဖွဲ့ဝင် ဦးအကူးဒီးက “ဒိန” ဗိမာန်တော်ဆောက်လုပ်ရာတွင် ရရှိ/သုံးစွဲမှုငွေစာရင်းရှင်းတမ်းများကို ရှင်းလင်းပြောကြားပြီး သင်းအုပ်ဆရာကြီးက အနုမောဒနာဆုတောင်းပွဲ တရားဒေသနာတော်ကို ဟောကြားသည်။

           

 

“ဒိန”ဆုတောင်းတောင်သည် ပူတာအိုမြို့၏ အနောက်ဘက်(၆)မိုင်ခန့်အကွာတွင် တည်ရှိပြီး ၁၉၈၅ ခုနှစ်ခန့်မှ စတင်ခဲ့ခြင်းဖြစ်ကာ ဆုတောင်းတောင်သို့ တောင်အောက်အထိ သုံးဘီးမော်တော်ဆိုင်ကယ်များဖြင့် သွားနိုင်ကြောင်း သိရသည်။

           

 

အဆိုပါ “ဒိန” တောင်အောက်မှ ခြေလျင်ခရီးဖြင့် တစ်နာရီခွဲခန့်တက်ရပြီး “ဒိန”ဆုတောင်းတောင် ဗိမာန်တော် ဆောက်လုပ်ထားသောနေရာသည် ပင်လယ်ရေမျက်နှာပြင်အထက် (၂၆၃၇)ပေတွင်တည်ရှိသောကြောင့် စိတ်ငြိမ်အေးချမ်းသောနေရာဖြစ်သဖြင့် လူမျိုးဘာသာမရွေး အများပြည်သူတက်ရောက် အပန်းဖြေဆုတောင်းနိုင်သော နေရာတစ်နေရာဖြစ်ကြောင်း သိရသည်။

 

                                                                                                              

ဖုန်ကန်(ပူတာအို)

 

1