ရေစကြို ၁၈ ဧပြီ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ညောင်ပင် - ငတမျှော်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း မြေနီ ကျောက်စရစ်ခင်းခြင်းလုပ်ငန်းကို ရေစကြိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၉၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်၍ မကြာမီ ၎င်းဒေသများမှ လယ်ယာထုတ်ကုန်/ ထွက်ကုန်များ ဈေးကွက်သို့ လွယ်ကူလျှင်မြန်စွာ သယ်ပို့ပေးနိုင်တော့မည် ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
ညောင်ပင် - ငတမျှော်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းကို ရေစကြိုမြို့နယ်အတွင်း ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်အကြား ကျွန်းပေါ်ရှိ ကျေးရွာအုပ်စု ခြောက်အုပ်စု၊ ကျေးရွာ(၁၂)ရွာမှ ထွက်ရှိသော လယ်ယာထွက်ကုန်များ ဈေးကွက်သို့ အချိန်မီ အလွယ်အတူ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ဖောက်လုပ်ပေးခြင်းဖြစ်ကြောင်း၊ လမ်းအရှည် တစ်မိုင် အကျယ် ၁၂ ပေ မြေနီကျောက်စရစ် ကိုးလက်မထု ခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နိုင်ငံတော်ထောက်ပံ့ ရန်ပုံငွေကျပ် ၅၄ ဒသမ ၈ သန်းဖြင့် ဌာနမှ အင်ဂျင်နီယာများစုဖွဲ့ပြီး ကျေးရွာလမ်းကော်မတီဝင်များနှင့်အတူ ပူးပေါင်း ဆောင်ရွက်နေတာဖြစ်ကြောင်း ရေစကြိုမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုး က ပြောပြသည်။
အဆိုပါ ကုန်ထုတ်လမ်းဆောင်ရွက်ပြီးစီးပါက ကျေးရွာအုပ်စု(၆)အုပ်စုရှိ ကျေးရွာပေါင်း(၁၂)ရွာ၊ အိမ်ခြေ(၂၀၁၄)၊ လူဦးရေ (၉၃၇၇)ဦး၏ လယ်မြေ(၂၁၁၆)ဧက၊ ကိုင်းမြေ(၃၂၄၇)ဧကများမှ ထွက်ရှိသော အဓိက သီးနှံများဖြစ်သည့် စီပီပြောင်း၊ နေကြာ၊ ကုလားပဲ၊ မြေပဲနှင့် အခြားပဲမျိုးစုံတို့ကို မန္တလေး၊ ပခုက္ကူ၊ ရေစကြို၊ ရာသီမရွေး လျှင်မြန်စွာ သယ်ပို့နိုင်မှာ ဖြစ်ပြီး လယ်ယာသုံးစက်ကိရိယာများ လွယ်ကူစွာ သွားလာနိုင်မှာဖြစ်ကြောင်း သိရသည်။
သန်းလွင်(မကွေး)


