နေပြည်တော်  ၁၈  ဧပြီ

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊  သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော (၇၁) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့ အာဇာနည် အရှင်မြတ်များအား အောင်လက်မှတ်၊ ဘွဲ့တံဆိပ်ဆက်ကပ်ပွဲနှင့် ချီးကျူးပူဇော်ပွဲအခမ်းအနားကို ၁၃၈၁-ခုနှစ်၊ ကဆုန်လပြည့်ကျော် (၃)ရက်၊ ဧပြီ ၂၁ အင်္ဂါနေ့ နံနက် (၈) နာရီတွင် ရန်ကုန် တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်သည်။

 

အဆိုပါအခမ်းအနားသို့ ကြွရောက်တော်မူကြမည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ တိပိဋကဓရတိပိဋကကောဝိဒ ဩဝါဒါစရိယဆရာတော်ကြီးများ၊ တိပိဋကဓရတိပိဋကကောဝိဒ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်များ၊ တိပိဋကဓရတိပိဋကကောဝိဒဆရာတော်များ၊ စာထောက်စာမဆရာတော်များ၊ ပုစ္ဆာထုတ် ဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များပင့်သံဃာများနှင့် ယခုနှစ်တွင် ပြန်ဆို/ရေးဖြေ အောင်မြင်တော် မူကြသော ဒီဃနိကာယကောဝိဒ (၂) ပါး၊ ဒီဃဘာဏက (၈)ပါး၊ ဝိနယကောဝိဒ (၅) ပါး၊ ဝိနယဓရ (၂၅) ပါး၊ ဥဘတောဝိဘဂငေ်္ကာဝိဒ (၁၁) ပါး၊ ဥဘတောဝိဘင်္ဂဓရ (၄၄) ပါး စုစုပေါင်း စာအောင်သံဃာ (၉၅) ပါး၊ ပင့်သံဃာ (၁၇၁) ပါးအပါအဝင်  စုစုပေါင်း သံဃာတော် (၂၆၆) ပါးတို့အား လှူဖွယ်ဝတ္ထုပစ္စည်းများဖြင့် ချီးကျူး ပူဇော်လှူဒါန်းမည်ဖြစ်ပါသဖြင့် အလှူရှင်များ ကြွရောက်ကြည်ညိုကြရန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ စာမေးပွဲဌာနခွဲ ဖုန်း-ဝ၉-၂၆၄၄၃၆၅၄၅၊ ဝ၁-၆၆၄၅၇၈ သို့ ဆက်သွယ်၍ ကြိုတင်လှူဒါန်းနိုင်ကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။

 

(သတင်းစဉ်)