ငါးသိုင်းချောင်း ၁၈ ဧပြီ
ပုသိမ်ခရိုင် ငါးသိုင်းချောင်းမြို့ လောကမာရဇိန်စေတီတော် ရင်ပြင်ရှိ ချမ်းသာကြီးတန်ဆောင်းအတွင်း၌ ဒေသခံပြည်သူအလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားဆင်းတုတော် စုစုပေါင်း(၂၈)ဆူအား အနေကဇာတင်ခြင်း မင်္ဂလာနှင့် ရေစက်ချအလှူမင်္ဂလာကို ဧပြီ ၁၈ ရက် နံနက်ပိုင်းက အဆိုပါတန်ဆောင်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အနေကဇာတင်ခြင်းအစီအစဉ်တွင် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်ဆရာတော် ဘဒ္ဒန္တသံဝရာဘိဝံသ (ငါးသိုင်းချောင်းမြို့ ရွှေရေးဆောင်ကျောင်းတိုက်)ဆရာတော် ဦးဆောင်သော ဆရာတော်သံဃာတော်များက နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအား အနေကဇာတင်ခြင်း မင်္ဂလာကျင်းပခဲ့ပြီး ငါးသိုင်းချောင်းမြို့ မဟာစည်ကျောင်းတိုက်ဆရာတော်က အလှူရေစက်ချတရားတော်များ ချီးမြှင့်ကာ ဒေသခံပြည်သူများ၊ ဗုဒ္ဓရုပ်ပွားဆင်းတုတော် အလှူရှင်များက စုပေါင်းရေစက်ချလှူဒါန်းခဲ့ကြသည်။
ငါးသိုင်းချောင်းမြို့၏ ကျက်သရေဆောင်ဖြစ်သော လောကမာရဇိန်စေတီတော်ကြီးသည် လွန်ခဲ့သောနှစ်ပေါင်း (၁၀ဝ)ကျော်ကပင် အများပြည်သူ စုပေါင်းအားဖြင့် တည်ထားကိုးကွယ်ခဲ့ကြောင်း၊ ဉာဏ်တော်(၁၀၈)တောင်မြင့်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ ပြည်သူပြည်သားများ တည်ထားခဲ့သော စေတီများအနက် အကြီးဆုံးစေတီကြီးဖြစ်ပြီး ခေတ်အဆက်ဆက် စုပေါင်းပြုပြင်ထိန်းသိမ်းလာခဲ့ရာ ယနေ့တွင် ဘုရားကြီးဝန်းအတွင်းရှိ တန်ဆောင်းများနှင့် ရင်ပြင်တော် ဘုရားဝန်း သန့်ရှင်းသာယာလှပရေးတို့ကို သက်ဆိုင်ရာ နာယကဆရာတော်ကြီးများ၏ လမ်းညွှန်မှုနှင့် ဂေါပကအဖွဲ့မှ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသခံပြည်သူများ စုပေါင်းအားဖြင့် အများပြည်သူ ကြည်ညိုသဒ္ဒါပွားများနိုင်ရန် နှစ်ကျိပ်ရှစ်ဆူ ရုပ်ပွားဆင်းတုတော်များကို တည်ထားကိုးကွယ်နိုင်ခဲ့ကြောင်း လောကမာရဇိန်စေတီတော် ဂေါပကအဖွဲ့ဝင် ဦးသက်လွင်က ပြောသည်။
စိုးမင်းဦး(ပြန်/ဆက်)


