နေပြည်တော် ၁၈ ဧပြီ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ သုတေသနလုပ်ငန်း ဆောင်ရွက်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန Research and Development Centre လုပ်ငန်းအကောင်အထည်ဖော်မှု တိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဝန်ကြီးဌာန အနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ၊ သဘာဝဘေးနှင့် လူ့ကြောင့်ဖြစ်သော ဘေးများအတွက် စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မူဝါဒနှင့် ဥပဒေများ၊ မဟာဗျူဟာများ၊ စီမံချက်များ၊ ရေတိုရေရှည်စီမံကိန်းများ ချမှတ်ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အထောက်အထားအခြေပြု သုတေသနရလဒ်များကို အသုံးပြုခြင်းဖြင့် ပြည်သူများ၏ လိုအပ်ချက်များကို ပိုမိုထိရောက်စွာ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး မျှော်မှန်းထားသော အကျိုးရှိမည့် အပြောင်းအလဲများကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း။

 

၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၄ ရက်တွင် သုတေသနစင်တာကို ဖွင့်လှစ်နိုင်ခဲ့ပြီး Protocol and Ethics Board အဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ (၂)နှစ်ကျော် ကာလအတွင်း ဆောင်ရွက်ခဲ့သော သုတေသနလုပ်ငန်းများကို ပြန်လည်စိစစ်ခဲ့ရာ သိသာထင်ရှားသော အကျိုးရလဒ်များကို တွေ့ရှိရကြောင်း၊ ဝန်ကြီးဌာန၏ လုပ်ငန်းများအလိုက် လိုအပ်သော သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကျွမ်းကျင်ပညာရှင်များကို ထပ်မံထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် သုတေသန လုပ်ငန်းများတွင် ပိုမိုစိတ်ဝင်စားမှုရှိရန်နှင့် သုတေသနဆောင်ရွက်မှု စွမ်းရည်ပိုမိုမြင့်မားလာအောင် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက လုပ်ငန်းပိုင်းဆိုင်ရာများကို အကြံပြုဆွေးနွေးကြသည်။

 

(သတင်းစဉ်)