ရန်ကုန် ၁၈ ဧပြီ

 

ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရွှေထီးတော်၊ ရွှေငှက်မြတ်နားတော်နှင့်  ရတနာစိန်ဖူးတော်များအား ဧပြီ ၁၉ ရက်(စနေ)နေ့တွင် ကျိုက်ထီးရိုးစေတီတော်ရင်ပြင်သို့ ဒေသစာရီကြွချီ ပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။

 

“မနက်ဖြန်နံနက် ၅ နာရီမှာ ရွှေတိဂုံစေတီတော် သြဝါဒါစရိယဆရာတော်ကြီးတွေက အန္တရာယ်ကင်းပရိတ်တွေ ရွတ်ဖတ်ပြီးတော့မနက် ငါးနာရီခွဲမှာ ရန်ကုန်ကနေ စတင်ပင့်ဆောင် ပူဇော်မှာ ဖြစ်ပါတယ်။ ညနေပိုင်းမှာ ကျိုက်ထီးရိုးစေတီတော်ရင်ပြင်မှာ ရင်ငွေ့လှုံကိန်းဝပ် စံပယ်ပြီးတော့ ပူဇော်ခံထားရှိမှာပါ။ ညပိုင်းမှာ ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကက ငြိမ်းချမ်းရေးတရားတော် ဟောကြားချီးမြှင့်ပေးမှာ ဖြစ်ပါတယ်” ဟု ဒေသစာရီခရီးစဉ်အုပ်ချုပ်သူ အရာရှိ ပြည်တွင်းသာသနာပြုဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးနိုင်မောင်မောင်စိုးက ပြောသည်။

 

mdn

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံ့ကော်ပန်း အဝိုင်းအနီးတွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၏ စုပေါင်းအားဖြင့် တည်ထားကိုးကွယ်လျက်ရှိသော ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရွှေထီးတော်၊ ရွှေငှက်မြတ်နားတော်နှင့်  ရတနာစိန်ဖူးတော်များအား တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဒေသစာရီကြွချီအပူဇော်ခံလျက်ရှိရာ ဧပြီ ၂၀ ရက်တွင်  မော်လမြိုင်၊ ၂၁ ရက်တွင် ထားဝယ်၊ ၂၂ ရက်တွင် ဘားအံ၊ ၂၃ ရက်တွင် သထုံ၊ ၂၄ ရက်တွင် ပဲခူး၊  ၂၅ ရက်တွင် ပုသိမ်၊ ၂၆ ရက်တွင် ဟင်္သာတ၊ ၂၇ ရက်တွင် ပြည်၊ ၂၈ ရက်တွင် မကွေး၊ ၂၉ ရက်တွင် ပုဂံ၊ ဧပြီ ၃၀ ရက်မှ မေ ၁ ရက်အထိ မုံရွာ၊ မေ ၂ ရက်မှ ၆ ရက်အထိ မန္တလေး၊ မေ ၇ ရက်တွင် ကျောက်ဆည်၊ မေ  ၈ ရက်တွင် သဲတော(ဝမ်းတွင်း)၊ မေ ၉ ရက်တွင် တောင်ကြီး၊ မေ ၁၀ ရက်တွင် လွိုင်ကော်၊ မေ ၁၁ ရက်တွင် တောင်ငူ၊ မေ ၁၂ ရက်မှ ၁၈ ရက်အထိ နေပြည်တော်တို့တွင် ဒေသစာရီကြွချီ ပူဇော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဒေသစာရီကြွချီပူဇော်ခံရာ ခရီးစဉ်တလျှောက်တွင် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကမှ ငြိမ်းချမ်းရေးတရားတော်များ ဟောကြားချီးမြှင့် ပေးသွားမည်ဖြစ်သည်။

 

ဟန်လင်းနိုင်