မြဝတီ ၁၈ ဧပြီ
ကရင်ပြည်နယ် မြဝတီမြို့၌ ရောက်ရှိနေသည့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ယနေ့ နံနက်ပိုင်းတွင် မြဝတီခရိုင် ကွင်းကလေးကျေးရွာအုပ်စုအတွင်းရှိ ကွင်းကလေးကျေးရွာ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ယခုကဲ့သို့ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံခွင့်ရသည့်အတွက် များစွာဝမ်းမြောက်ပါကြောင်း၊ ပြည်သူများက ရွေးချယ်တင်မြှောက်ပေးခြင်းသည် ပြည်သူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးရန်အတွက် မိမိတို့ကို တာဝန်ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် တာဝန်ကို ကျေပွန်စွာဆောင်ရွက်သွားမည်ဟု ပြောကြားလိုပါကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ လွှတ်တော်ရပ်နားချိန်တွင် ဒေသခံပြည်သူများ၏ အခက်အခဲကို ဖြည့်ဆည်းပေးနိုင်ရန် လာရောက်ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒေသခံပြည်သူများ၏ သိရှိလို သည်များကို ပြန်လည်ရှင်းလင်းဖြေကြား၍ ဒေသလိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌသည် မြဝတီခရိုင် ထီးချားရားကျေးရွာ အုပ်စုရှိ ထီးချားရားကျောင်းတိုက်တွင် ဒေသခံပြည်သူများ နှင့်တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ပြည်သူများအနေဖြင့် မိမိတို့၏ တွေ့ကြုံခံစားရမှုများနှင့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ပြောကြားပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ မိမိအနေဖြင့် ပြည်သူများ၏ အခက်အခဲကို တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ အကြံပြုချက်များကို မှတ်သား၍ ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးလင်းရေးနှင့် သောက်သုံးရေ ရရှိရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဖြည့်ဆည်းပေးသည်။
ယနေ့ကျင်းပသည့် တွေ့ဆုံပွဲများသို့ ကွင်းကလေး၊ ထီးချားရားနှင့် ပုလွဲပူကျေးရွာ အုပ်စုများအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
သတင်း - မောင်စိန်လွင်၊ ဓာတ်ပုံ - မင်းထက်


