တီးတိန် ၁၉ ဧပြီ

 

ချင်းပြည်နယ် တီးတိန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ၂၀၁၈-၂၀၁၉ ဘဏ္ဌာရေးနှစ်အတွင်း ကျေးရွာ(၁၄)ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ရှောင်စောန်းကျေးရွာတွင်  ရေတွင်းခြောက်တွင်း တူးဖော်ခြင်းလုပ်ငန်းနှင့် ရေပိုက်သွယ်တန်းခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

"ရေတွင်းတွေကို အနက်ပေ ၁၀ဝ ကနေ ပေ ၁၅၀ အကြားမှာ ရေကြောတွေ့ရှိလို့ ရွာသူရွာသားတွေက ရေတင်မော်တာအသုံးပြုပြီး  ရေသုံးစွဲနေကြပါတယ်။ အရင်က ရေရှားပါးတဲ့ရွာဖြစ်တဲ့အတွက် မြို့ပေါ်ရေဖြန့်ဝေမှု စနစ်မှာလည်း ရေဖြန့်ဝေနိုင်ခြင်းမရှိဘူး။ ကျေးရွာအနီးအနားမှာလည်း ရေထွက်မရှိတော့ ရေရရှိနိုင်ဖို့ မလွယ်ကူတာကြောင့် ရေတွင်းတူးဖော်ရခြင်းဖြစ်ပါတယ်” ဟု တီးတိန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝုန့်ပြင်းထန်က ပြောသည်။

 

ရှောင်စောန်းကျေးရွာသည် တီးတိန်မြိမှ သုံးမိုင်ကွာဝေးပြီး တီးတိန်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝုန့်ပြင်းထန်နှင့်ဝန်ထမ်းများသည် ရှောင်စောန်းကျေးရွာ၏ ရေသုံးစွဲမှုအခြေအနေကို ဧပြီ ၁၉ ရက်က သွားရောက်ကြည့်ရှုရာ ရေတွင်းမှထွက်ရှိသည့်ရေမှာ တဖြည်းဖြည်း ကြည်လင်လာပြီး ရေထွက်ရှိမှုမှာလည်း ပိုများလာကြောင်း တွေ့ရှိရသည်။

 

အဆိုပါရေတွင်း တူးဖော်ပေးခြင်းအားဖြင့် အိမ်ခြေ ၈၅ အိမ်ရှိ လူဦးရေ ၃၁၇ ဦးတို့အား အကျိုးပြုပြီး ရေရှားပါးရာမှ ရေရှည်တွင် ရေဖူလုံစွာရရှိသွားမည်ဖြစ်ကြောင်း သိရသည်။

 

နေစု(ချင်းရိုးမ)

 

image-0-0