ဝါးခယ်မ  ဧပြီ  ၁၉

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ဒေသခံ ပြည်သူများနှင့် အနယ်နယ် အရပ်ရပ်မှ မျက်စိရောဂါ ဝေဒနာခံစားနေရသူများအား (၁၁)ကြိမ်မြောက် အဖြစ် စက္ခုပါလ မျက်စိအခမဲ့  ခွဲစိတ်ကုသပေးမှုကို စာရေးကုန်းရပ်ကွက် ဝါးခယ်မမြို့နယ်အသင်း (ရန်ကုန်)ရုံးခွဲ စက္ခုပါလဆေးခန်း၌  မေလ ၃ ရက်မှ စတင်ကာ သုံးရက်ကြာ စမ်းသပ်စစ်ဆေး ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝါးခယ်မမြို့နယ်အသင်း စက္ခုပါလ မျက်စိအခမဲ့ ကုသရေး အလုပ်အမှုဆောင် အဖွဲ့က    ကြီးမှူးကာ မျက်စိအထူးကု ဆရာဝန်ကြီးများနှင့် စမ်းသပ်စစ်ဆေး ကုသပေးသွားမည်ဖြစ်ကြောင်း၊ လာရောက်၍  ဆေးခန်းပြသည့် သုံးရက်အတွင်း နေထိုင်ရေး၊ လူနာနှင့်   လူနာစောင့် တစ်ဦးအတွက် နေ့လယ်စာ၊ ညစာတို့ဖြင့် ကျွေးမွေးဧည့်ခံ သွားမည်ဖြစ်ကြောင်း သိရသည်။

 

အလုပ်အမှုဆောင် အဖွဲ့နှင့်အတူ လုပ်အားဒါန ကုသိုလ်ပါဝင်လိုသူများ၊ မျက်စိတစ်လုံးစာ အလှူရှင်အဖြစ် လှူဒါန်းပေးလိုသော အလှူရှင်များအနေဖြင့် မျက်စိခွဲ စိတ်ခ၊ ဆေးဖိုးပါအတွက် ငွေကျပ် လေးသောင်းငါးထောင် လှူဒါန်းနိုင်ပြီး  မိမိစေတနာသဒ္ဓါတရား ထက်သန်သလောက် ကုသိုလ်ယူပါဝင် လှူဒါန်းနိုင်ကြောင်း သိရသည်။

 

လွှမ်းသီဟ(ဝါးခယ်မ)