မြိတ် ၁၉  ဧပြီ  

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သည် ထိုင်းနိုင်ငံနှင့် ဆက်စပ်လျက်ရှိရာ ပြည်သူများ တစ်ဖက်နိုင်ငံသို့ သွားရောက်အလုပ်အကိုင်ရှာဖွေရာတွင် လူကုန်ကူးမှုမခံရစေရေး အဓိကရည်ရွယ်ချက်ဖြင့် အသိပညာပေး မြေစိုက်ပိုစတာကို မြိတ်ခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့မှ ယနေ့နံနက်(၈)နာရီက မြိတ်မြို့ ကမ်းနားလမ်းရှိ Myeik Shopping Centre အရှေ့တွင် စိုက်ထူခဲ့ကြောင်း သိရသည်။

 

အသိပညာပေးမြေစိုက်ပိုစတာကို  လူကုန်ကူးမှုနှင့်ပတ်သက်၍ အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိရေး၊ လူကုန်ကူးမှု လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်စေရေးတို့အတွက် အများပြည်သူမြင်သာသည့် လူစည်ကားရာနေရာတွင် စိုက်ထူရခြင်းဖြစ်ကြောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအတွက် နစ်နာသူများဘက်မှ ရပ်တည်၍ ဆောင်ရွက်ပေးရေးနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အားလုံးပူးပေါင်းပါဝင် ပေးကြရန် မြေစိုက်ပိုစတာစိုက်ထူပွဲ၌ မြိတ်ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးက တိုက်တွန်းစကားပြောကြားသည်။

 

အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး လူကုန်ကူး ကျွန်ပြုခြင်း အမြစ်ဖြတ် အပြတ်ရှင်း စာသားပါ မြေစိုက်ပိုစတာအား မြိတ်ခရိုင်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးကျော်မျိုးမြင့်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

မြေစိုက်ပိုစတာ စိုက်ထူပွဲတက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများအား ကလေးသူငယ်များနှင့် လူငယ်များအတွက် လုံခြုံစိတ်ချရသော ရွေ့ပြောင်းသွားလာမှုဆိုင်ရာ အချက်အလက်များ၊ ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ရာတွင် ဆောင်ရွက်ရမည့်အဆင့်များ ပါရှိသည့် အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။

 

မြိတ်ခရိုင်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေအနေဖြင့် (၂၀၁၄)ခုနှစ်တွင်တစ်မှု၊ (၂၀၁၇) ခုနှစ်တွင်တစ်မှု၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေအနေဖြင့် (၂၀၁၄)ခုနှစ်တွင်တစ်မှု၊ (၂၀၁၆)ခုနှစ်တွင်တစ်မှု၊ (၂၀၁၈)ခုနှစ်တွင်တစ်မှုနှင့် (၂၀၁၉)ခုနှစ်တွင်တစ်မှု ဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူများကို ဥပဒေအရ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စိတ်(၁)မြိတ်ရုံးမှ သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )

 

age DSC