မော်လူး ၁၉ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးမြို့ အုပ်ချုပ်ရေးမှူးရုံးတွင် ဧပြီ ၁၉ ရက် နံနက် ၁၀ နာရီခွဲအချိန်က သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သော အိမ်ထောင်စု (၅၉)အိမ်တို့အား ထောက်ပံ့ငွေ အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်များကို ပေးအပ်ခဲ့သည်။
အခမ်းအနားတွင် မော်လူးမင်းဇေယျာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမိုးဆွေက လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဧပြီလ ၁၅ ရက်နေ့က တိုက်ခတ်ခဲ့သော လေဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သော မော်လူးမြို့ပေါ်ရပ် ကွက်(၆)ရပ်ကွက်မှ အိမ်ထောင်စု(၅၉)အိမ်တို့အား ထောက်ပံ့ငွေများနှင့် အသုံးဆောင်ပစ္စည်းများကိုပေးအပ်ကြသည်။
"မော်လူးမြို့ မင်းချမ်းသာရပ်ကွက် (၂၁)အိမ် မင်းဇေယျာ ၅ ရပ်ကွက် (၂၃)အိမ် မင်းသီရိရပ်ကွက်(၁)အိမ် မင်းသစ္စာရပ်ကွက်(၈)အိမ်၊ မင်းသုခရပ်ကွက်(၅)အိမ်၊ မင်းရာဇာ(၁)အိမ်၊ စုစုပေါင်း (၅၉)အိမ်ကို ပျက်စီးဆုံးရှုံးမှု တန်ဖိုးအလိုက် တစ်ဦးလျှင် ငွေ (၂၀၀၀၀) ကျပ် (၃၀၀၀၀) ကျပ် (၅၀၀၀၀) ကျပ်မှ (၇၅၀၀၀)ကျပ်အထိ ထောက်ပံ့ ငွေနှင့် အသုံးဆောင်ပစ္စည်းတွေကို ပေးအပ်ခဲ့ပါတယ်" ဟု မော်လူးမြို့ မင်းချမ်းသာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ကျော် ကပြောကြားသည်။
အဆိုပါအခမ်းအနားသို့ မော်လူးမြို့ပေါ်ရပ်ကွက် (၆)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်စုမှူးများ လေဘေးသင့် အိမ်ထောင်စုဝင် (၅၉) အိမ်တက်ရောက်ကြကြောင်း သိရသည်။
နီတိုး


