နေပြည်တော် ၁၉ ဧပြီ
မြန်မာနိုင်ငံရှိဟိုတယ်များ အဆင့်အတန်းမြင့်မားစေရေးနှင့် ဝန်ဆောင်မှု အရည်အသွေး ပိုမိုတိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ ဟိုတယ်များ ကြယ်ပွင့်အဆင့်အတန်း သတ်မှတ်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် ဟိုတယ်နှင့် ခရီးသွားလာရေး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် တာဝန်ရှိသူများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဟိုတယ် ဆိုင်ရာလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဈေးကွက်မြှင့်တင်ရေးအသင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်များအသင်းတို့မှ ကိုယ်စားလှယ်များ၊ ပြည်ပကျွမ်းကျင်ပညာရှင်များ ဖြစ်သည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ Dr.Drimitrios Koutoulas၊ မလေးရှားနိုင်ငံမှ Professor Dr. Ng Yen Yen တို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က မြန်မာနိုင်ငံသို့ ကမ္ဘာ လှည့်ခရီးသည်များ တိုးတက်ဝင်ရောက်စေရေး ဆောင်ရွက်နေမှု အခြေအနေ၊ မြန်မာနိုင်ငံတွင် ယခင်ကဟိုတယ်များကို ကြယ်ပွင့်အဆင့် သတ်မှတ်ခဲ့မှုအခြေအနေနှင့် ယခုအခါ ပိုမိုပြည့်စုံသော ကြယ်ပွင့်အဆင့်အတန်း သတ်မှတ်ရေးအတွက် ကျွမ်းကျင်ပညာရှင်များ၏ အကြံဉာဏ်များ၊ ပုဂ္ဂလိကအသင်းများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ရန် စီစဉ်ထားမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
၎င်းနောက် ပြည်ပကျွမ်းကျင်ပညာရှင် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ Dr.Drimitrios Koutoulas နှင့် မလေးရှားနိုင်ငံမှ Professor Dr. Ng Yen Yen တို့က နိုင်ငံတကာတွင် ဟိုတယ်အဆင့် အတန်းသတ်မှတ်မှုစနစ်များ၊ ထိုသို့သတ်မှတ်ရာတွင် မြန်မာနိုင်ငံနှင့်လိုက်လျောညီထွေစွာ သတ်မှတ်သင့်သည့် အချက်များကို ဆွေးနွေးတင်ပြသည်။ ဆက်လက်၍ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များ အသင်း၊ ဥက္ကဋ္ဌ နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟိုတယ်အသင်း၊ ဥက္ကဋ္ဌတို့က ဟိုတယ်များ ကြယ်ပွင့်အဆင့် သတ်မှတ်ရေးအတွက် ဆောင်ရွက်မည့် အခြေအနေများကို အကြံပြုရှင်းလင်း တင်ပြသည်။
ဟိုတယ်များ ကြယ်ပွင့်အဆင့်သတ်မှတ်ရေးအဖွဲ့ကို မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်များအသင်းနှင့် မြန်မာနိုင်ငံ ဈေးကွက်မြှင့်တင်ရေးအသင်းတို့မှ အဖွဲ့ဝင်များအဖြစ် ပါဝင်ဆောင်ရွက် မည်ဖြစ်ပြီး အဆိုပါအဖွဲ့သည် ပြည်ပကျွမ်းကျင်ပညာရှင်များနှင့်အတူ ရန်ကုန်၊ နေပြည်တော်၊ ပုဂံ၊ မန္တလေး၊ အင်းလေး၊ ငပလီ၊ ကော့သောင်းဒေသများရှိ ဟိုတယ်များသို့ ကနဦး သွားရောက်လေ့လာ၍ မြန်မာနိုင်ငံ နှင့်သင့်လျော်မည့် ကြယ်ပွင့်အဆင့် သတ်မှတ်ရေး စံနှုန်းများကို ရေးဆွဲပြီး ဝန်ကြီးဌာနသို့ တင်ပြ အတည်ပြုချက် ရယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


