နေပြည်တော် ၁၉ ဧပြီ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် ရပ်မိ/ရပ်ဖများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို လယ်ဝေးမြို့နယ် သီရိမင်္ဂလာခန်းမ၌ ယနေ့ နံနက်(၉)နာရီတွင် ကျင်းပသည်။
တွေ့ဆုံပွဲတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က ယခုတွေ့ဆုံ ဆွေးနွေးပွဲတွင် ၂၀၁၉-၂၀၂၀ ဘတ်ဂျက်မှ မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းများကို စီမံချက်များ မည်သို့ထည့်သွင်းရေးဆွဲမည်၊ ပြည်သူများ၏ အဓိကကျသည့် ဖွံ့ဖြိုးမှုလုပ်ငန်းများကို ဌာနဆိုင်ရာများမှ ထည့်သွင်းရေးဆွဲနိုင်ရေးအတွက် ပြည်သူများက ပါဝင်စဉ်းစား ပြောကြားသ ည့် အချက်များကို နားထောင်ပေးရန်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်လည်း ပြည်သူဖြင့် ပေါင်းစပ် ဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံပွဲအား ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ယခုတွေ့ဆုံပွဲတွင် ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို တင်ပြပေးကြရန် လိုအပ်ကြောင်း ပြည်သူများအနေဖြင့် မိမိတို့ဒေသအတွက် လိုအပ်ချက်များအား ပွင့်ပွင့်လင်းလင်း တင်ပြပေးမှသာ မိမိတို့ဒေသ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဌာနဆိုင်ရာများနှင့် ပြည်သူများက ပါဝင်စဉ်းစားပေးစေလိုကြောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူ၏အမြင်များ၊ တင်ပြချက်များကို သိရှိရန်အတွက် တွေ့ဆုံနွေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လယ်ဝေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်က ဒေသအတွင်း ဆောင်ရွက်ထားသည့် ဖွံ့ဖြိုးရေးကိစ္စများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမားရေးနှင့် လျှပ်စစ်မီးရရှိရေးစသည့် လိုအပ်ချက်များ တင်ပြကြရာ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၊ လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီမှ ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူတို့က ပြန်လည်ဖြေရှင်း ဆွေးနွေးကြသည်။
ဆက်လက်၍ ဧပြီ(၁၇)ရက်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများခဲ့သည့် လယ်ဝေးမြို့နယ်၊ အမှတ်(၆)ရပ်ကွက်တွင် အိမ်ထောင်စု(၃)စု၊ ပေတုန်းမျှောင် ကျေးရွာတွင် အိမ်ထောင်စု(၄)စု၊ ဝင်တဲကုန်းကျေးရွာတွင် အိမ်ထောင်စု(၉)စု၊ ဥသျှစ်လှိုင် ကျေးရွာတွင် အိမ်ထောင်စု(၄)စုစုစုပေါင်း အိမ်ထောင်စု(၂၀)အတွက် နေပြည်တော် ကောင်စီမှ တစ်အိမ်ထောင်လျှင် ငွေကျပ်(၂)သောင်းနှုန်းဖြင့် ထောက်ပံ့ငွေကျပ် (၄၀ဝ၀ဝ၀)နှင့် နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာထောက်ပံ့ ငွေ၊ အိမ်ဆောက်ပစ္စည်း (၁၁)မျိုး စုစုပေါင်းတန်ဖိုးငွေကျပ် ၁၀ဝ၆၁၀ဝ တို့ကို လေဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးအပ်ပြီး ကျောက်တစ်လုံးကျောင်းစုကျေးရွာမှ ဓမ္မာရုံအမိုးလန်ခြင်းအတွက် နေပြည်တော်ကောင်စီက ငွေကျပ်(၅)သောင်း လှူဒါန်းပေးခဲ့ကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


