မောင်မောင်ကျော့(ပလက်၀)
တောင်ရိုးလူမျိုး
ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယ၊ ပွေးလှဒေသမှ တောင်ရိုးလူမျိုးတို့မှာ တောင် တန်းတောင်ရိုးတွင် နေထိုင်ကြသည်ကို အစွဲပြု၍ တောင်ရိုးဟု ခေါ်ခြင်းဖြစ်သည်။ အနော်ရထာမင်းလက်ထက် ပေါက္ကံ-ဓည၀တီ တိုက်ပွဲတွင် ရခိုင်လူမျိုးများကိုခေါ်ဆောင်၍ တောင်တန်းတောင်ရိုးများတွင် နေထိုင်ခြင်း ပြုခဲ့ရာမှ တောင်ရိုးလူမျိုးခေါ်တွင်ခဲ့သည်ဟုအဆိုရှိသည်။
အချို့သမိုင်းပညာရှင်များက အလောင်း စည်သူမင်းကြီး တိုင်းခန်းလှည့်လည်စဉ်က ရှမ်းပြည်အထိရောက်ခဲ့သည်။ အလောင်း စည်သူမင်းကြီး၏ တပ်နှင့်ပါလာသော ရခိုင် စစ်သည်တို့က ပင်းတယ၊ ပွေးလှဘက် အရောက်တွင် ထိုနယ်မြေ၌ နေခွင့်တောင်းကာ နေရစ်ခဲ့သူများကို တောင်ရိုးလူမျိုးခေါ်သည်ဟု သမိုင်းစာအုပ်တွင် ဖတ်ရသည်။ ထို့ကြောင့် "တောင်ရိုးအစရခိုင်က"ဟု ဆိုသည်။ အချို့က "တောင်ရိုးအစထားဝယ်က"ဟု လည်း ပြောကြသည်။ ထိုသို့ပြောဆိုကြသည် မှာ ရခိုင်စကား၊ ထားဝယ်စကားများနှင့် များစွာနီးစပ်လွန်း၍ ဖြစ်သည်။
တောင်ရိုးတို့သည် ရွာငံ(ပင်းတယ၊ ပွေးလှဒေသ)၊ ပင်လောင်း၊ ကလော စသော မြို့နယ်အသီးသီးတို့တွင် ဓနု၊ ပအိုဝ်း၊ ပလောင်၊ ရှမ်းတို့နှင့် ရောနှောနေထိုင်ကြသည်။ ဓားပြား၊ ကူးကော်၊ ချုတ်ချက်၊ တွင်းကုန်း၊ အင်းပက်လက်၊ ပွင့်လန်း၊ တမ်ရာကျေးရွာ များရှိရာ တောင်ကြောသည် တောင်ရိုး သွေးချင်းတို့ စံပျော်ရာ ကျေးရွာတို့ဖြစ်ကြ သည်။ နီငြိမ်း (အညာတက္ကသိုလ်)က သူ၏ဆောင်းပါး တစ်ပုဒ်တွင် ရှမ်းပြည်နယ်၌ တောင်ရိုးလူမျိုး တစ်သိန်းကျော်ရှိသည်ဟု ဖော်ပြထားသည်။
ဆင်းသက်ပေါက်ဖွားတောင်ရိုးတိုင်းရင်းသား
တောင်ရိုးလေးစံပျော် (၂၀၀၉)ပြုစု ရေးသားသည့် တောင်ရိုးရာဇဝင်တွင် တောင်ရိုးလူမျိုးများ ဆင်းသက်လာပုံနှင့် စပ်လျဉ်း၍ အရိမဒ္ဒနပေါက္ကံရာမ ပုဂံဘုရင် တန်နက်မင်းကြီး၏ မိဖုရားကြီးသည် တန်နက် မင်းအား စလေငခွေးလုပ်ကြံ၍ ငခွေးမင်းဖြစ် သောအခါ ငခွေးက မိဖုရားမြှောက်စားမှုကို မလိုလားသဖြင့် တန်နက်မင်း၏မိဖုရားကြီး သည် ပဋိသန္ဓေကိုယ်ဝန်ဖြင့် အခြွေအရံများ ခေါ်ဆောင်၍ နောင်နန်းလိုဏ်ဂူချောင်းဖြူ အရပ်သို့ ရှောင်တိမ်းခဲ့သည်။ နောင်နန်း လိုဏ်ဂူချောင်းဖြူအရပ်သည် ရှမ်းပြည် တောင်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီး သာစည်နယ်စပ်ဒေသပင်ဖြစ်ပေသည်။
တန်နက်မင်း၏ မိဖုရားကြီးသည် ထိုအရပ်မှာပင် သားတော်တစ်ပါးဖွားမြင် တော်မူသည်။ ၎င်းသားတော်ကို တောင်ရိုးတို့ က ဖိုးဆော်ဟု ခေါ်သည်။ တန်နက်မင်း၏ မိဖုရားကြီးမှာ ဓည၀တီ ရခိုင်ပြည့်ရှင်မင်းကြီး တစ်ပါး၏ သမီးတော်ဟု ဆို၏။ ထိုမိဖုရားနှင့် အတူလိုက်ပါလာသော အခြွေအရံများသည် ရခိုင်လူမျိုးတို့ပင်ဖြစ်သည်ဆို၏။ ထိုရခိုင် လူမျိုး အခြွေအရံများသည် နောင်နန်းလိုဏ်ဂူ ချောင်းဖြူအရပ်ရှိ တောင်ကုန်းတောင်ရိုးတို့ တွင် တောင်၊ ယာစိုက်ပျိုးရေး လုပ်ကိုင်နေထိုင် ကြရင်း အချိန်ကာလကြာညောင်းလာသော အခါ မိဖုရားကြီးနှင့် အခြွေအရံများကို တောင်ရိုးပျော်-တောင်ရိုးလူမျိုးဟု မှည့်ခေါ်ခဲ့ ကြသည်ဟု ပါရှိပါသည်။ ဤရာဇဝင်အဆိုအရ တောင်ရိုးလူမျိုးတို့သည် ရခိုင်လူမျိုးတို့မှ ဆင်းသက်လာသူများဖြစ်သည်ဟု ယုံကြည် ကြကြောင်း တွေ့ရသည်။
တောင်ရိုးအမျိုးအနွယ်နှင့် စပ်လျဉ်း၍ သုတေသီများက အမျိုးမျိုးယူဆခဲ့ကြသည်။ အချို့က ပုဂံ-မြန်မာစကားပုံ အသုံးအနှုန်းကို ပြောဆိုကြ၍ ပုဂံအနွယ်မြန်မာများဖြစ်သည်။အချို့ကထားဝယ်ဘက်မှ ရောက်ရှိကြသူများ ဟု ယူဆ၍ "တောင်ရိုးအစထားဝယ်က"ဟု ပြောဆိုကြသည်။ အချို့က ရခိုင်စစ်သည်များ ရောက်ရှိနေထိုင်ကြသူများဖြစ်ကြ၍ ရခိုင် မျိုးရိုးဖြစ်သည်ဟု အဆိုအမိန့်ထားခဲ့ကြပါ သည်။ ထို့ကြောင့် ပင်လုံလူငယ်ညီလာခံ တက်ရောက်ခဲ့ကြသော ရခိုင်လူငယ်တို့၏ဖိတ်ကြားချက်အရ ရခိုင်ပြည်နယ် မြောက်ဦး ယဉ်ကျေးမှုနယ်မြေသို့ တောင်ရိုးလူငယ်အဖွဲ့ တစ်ဖွဲ့ လာရောက်လေ့လာခဲ့မှုသည် မိမိတို့ ဆွေမျိုးရင်းချာများ ပြန်လည်တွေ့ဆုံမှုတစ်ရပ် ဟုပင် မှတ်ယူနိုင်ပါသည်။
မည်သို့ပင်ဆိုစေ မြန်မာ၊ ရခိုင်၊ ထားဝယ်၊ အင်းသား၊ ဓနု၊ တောင်ရိုး စသည်တို့သည် တစ်အူထုံ့ဆင်းများဖြစ်ကြသည့်အပြင် သမိုင်း ကြောင်းနှင့် ကံကြမ္မာချင်းပါ ဆက်စပ် ရောယှက်လျက်ရှိကြောင်း ထင်ရှားပေါ်လွင် စေသည်။

တောင်ရိုးစကား
တောင်ရိုးတို့သည် အသံကွဲမြန်မာစကား တစ်မျိုးပြောဆိုကြသည်။ တောင်ရိုးစကားတွင် မြန်မာ၊ ရခိုင်၊ ထားဝယ် ဝေါဟာရများ ရောနှောလျက်ရှိသည်။ ထို့အပြင် ရှေးပုဂံ ခေတ်သုံးစကားအချို့ပါ ရောနှောပါဝင်နေရာ တောင်ရိုးစကားကို ရှေးကျသောစကားဟု ဆိုနိုင်သည်။
တောင်ရိုးတို့ စကားပြောဆိုရာတွင် လျှာလှိမ့်သံနှင့် ပြောဆိုတတ်သဖြင့် ရခိုင်တို့ ပြောဆိုသောစကားနှင့် များစွာတူညီလျက် ရှိသည်။ တောင်ရိုးတို့သည် "မြို့" ကို"မရို့"၊ "မြေး" ကို "မရေး"ဟု လျှာလှိမ့်သံနှင့် ပြောဆိုသည်။ မြန်မာတို့ပြောသော မြန်မာ စကားကို တောင်ရိုးတို့ တိတိကျကျနားလည် သည်။ သို့ရာတွင် တောင်ရိုးတို့ပြောသော စကားကို မြန်မာတို့ လုံးစေ့ပတ်စေ့နားမလည် တတ်ကြပေ။ တောင်ရိုးတို့၏ စကားအသုံး အနှုန်းအချို့သည် အသံနေအသံထား၊ လေယူ လေသိမ်း ကွာခြားနေမှုတို့ကြောင့်ပင် ဖြစ် သည်။
တောင်ရိုးတို့၏ ဒေသဆိုင်ရာစကားများ သည် စိတ်ဝင်စားစရာကောင်း၏။ မြန်မာတို့ တင့်တင့်တယ်တယ်၊ ကျကျနနဟု ပြောဆို သည်ကို တောင်ရိုးတို့က"ပတောင့်ပတေ" ဟုလည်းကောင်း၊ ခဏခဏဟူသော အပြော ကို"တတာခြင်း"ဟူ၍ လည်းကောင်း၊ လည်ဆန့်၍ မျှော်သည်ကို"မောက်သည်"ဟု လည်းကောင်း၊ တစ်နေရာနှင့်တစ်နေရာ အကွာအဝေးကို "ခဲတစ်ပစ်၊ ခွေးတစ်ဟောင်၊ တစ်နေ့ခရီး"စသည်ဖြင့် ပြောကြသည်။ အသွား အပြန်တစ်နေ့ခရီးသွားခြင်းကို "တုံ့ပယ် ပြန်သည်"ဟုပြောဆိုသည်။ မြန်မာတို့က ဟိုနားလေးတင်ပါဟု ပြောသည်ကို တောင်ရိုး တို့က"ထားနားတင်"ဟု ပြောသည်။ သို့ရာတွင် တောင်ရိုး တို့၏ ထားနားတင်ဟူသော ခရီးသည် တော်တော်နှင့် မရောက်နိုင်သဖြင့် "ပမာ(ဗမာ)ဟိုနားတစ်နေ့သွား၊ တောင်ရိုး ထားတင်တစ်နေဝင်"ဟု ဆိုစမှတ်ပြုကြပေ သည်။ တောင်ရိုးတို့ပြောသော ကာလသား ထွက်ချိန်သည် လူပျိုကိုဆိုလိုခြင်း မဟုတ်၊ သူခိုးကိုခေါ်ခြင်းဖြစ်သည်။
တောင်ရိုးစာပေနှင့်အရေးအသား
တောင်ရိုးတို့၏ ကိုယ်ပိုင်ဆက်သွယ်ရေးကိရိယာသည် တောင်ရိုးဘာသာစကားပင်ဖြစ်သည်။ ဘာသာစကားကို အခြေခံ၍ မြန်မာအက္ခရာသုံးနှုန်းကာ တောင်ရိုးစာပေ အနုပညာတို့ ဖွံ့ဖြိုးတိုးတက်ခဲ့ခြင်းပင်ဖြစ်သည်။တောင်ရိုး တို့သည် ရှေးမြန်မာ(ပေါရာဏ) ပုဂံခေတ် မြန်မာစကားပုံ အသုံးအနှုန်းမျိုး ပြောဆိုကြသည်။ ယင်းစကားကို ယခု အခါ အသံကွဲမြန်မာစကားတစ်မျိုးဟုလည်း ဆိုကြ ပါသည်။ တောင်ရိုးတို့၏ ရိုးရာယဉ်ကျေးမှု ထုံးတမ်း စဉ်လာ ဘာသာစကားတို့သည် မြန်မာတို့နှင့်လည်း မခြားပေ။ မြန်မာနှင့် တောင်ရိုးသည် အက္ခရာစာပေလည်း တစ်ထပ်တည်း တူညီကြပေသည်။ မြန်မာစာကိုပင် ရေးသားအသုံးပြုကြသည်။ ဂဏန်းသင်္ချာကို ရေးသား ဖော်ပြရာတွင်မူ ထူးခြားမှုရှိနေသည်။ အာလူးအချိန်ပိဿာ တစ်ဆယ်ကို"၁ဝါ"ဟု ရေးသည်။ အရေအတွက်ကို အခေါ်အဝေါ်အတိုင်းရေးခြင်းဖြစ်ပေသည်။ စာပေကိုမူ မြန်မာအက္ခရာဖြင့် တောင်ရိုးဘာသာစကားအတိုင်း ရေးသားလေ့ရှိကြောင်း တွေ့ရသည်။
ယုံကြည်ကိုးကွယ်မှု
တောင်ရိုးတို့သည် ဗုဒ္ဓဘာသာကို အများစုကိုးကွယ် ကြသည်။ တောင်ရိုးတို့ဘာသာတရားကိုင်းရှိုင်းမှုနှင့် အလှူ အတန်းရက်ရောမှုကို တောင်ရိုးတို့ဒေသရှိဘာသာရေး အဆောက်အအုံများ ကြီးကျယ်ခမ်းနားမှုကို မြင်တွေ့ရုံဖြင့် သိနိုင်သည်။ တောင်ရိုးတို့သည် ဘာသာရေးဆိုင်ရာ ပွဲတော်များကို ရာသီအလိုက်ကျင်းပကြကြောင်းလည်း တွေ့ရသည်။
တောင်ရိုးတို့ဒေသ၏ ထူးခြားသော ဘာသာရေး ဓလေ့တစ်ခုမှာ ငါးကျောင်းဒကာနှင့် ဆွမ်းလှည့်သတ်မှတ် ခြင်းဖြစ်သည်။ ငါးကျောင်းဒကာဆိုသည်မှာ ဒေသအတွင်း ရှိ ရွာစဉ်အလိုက် ရွာငါးရွာလျှင် ဘုန်းကြီးကျောင်း တစ်ကျောင်းနှုန်း ဆွမ်း၊ ကွမ်း ကိစ္စများကို တာဝန်ယူ လှူဒါန်းဆောင်ရွက်ပေးခြင်း ဖြစ်သည်။ အချို့ဒေသတွင်မူ ငါးကျောင်းဒကာဟု ဆိုသော်လည်း ရွာငါးရွာမဟုတ်ဘဲ ခြောက်ရွာ၊ ခုနစ်ရွာ စသည်ဖြင့်လည်း ရှိတတ်ပေသည်။ဆွမ်းလှည့်ဆိုသည်မှာ မိမိတို့ရွာများမှ ကိုးကွယ်ပူဇော် နေကြသော ဘုန်းကြီးကျောင်းမှ သံဃာတော်များအား နေ့စဉ်အလှည့်ကျ ဆွမ်း၊ ဆွမ်းဟင်းများချက်၍ လှူဒါန်းရန် အတွက် တစ်အိမ်ကိုတစ်လလျှင် တစ်ရက်၊ နှစ်ရက် စသည်ဖြင့် အလှည့်ကျသတ်မှတ်ပေးထားခြင်းဖြစ်သည်။
တောင်ရိုးတို့၏မှော်အေးလင်္ကာ
တောင်ရိုးလူမျိုးတို့သည် ဗုဒ္ဓဘာသာဝင်များဖြစ်သည့် အလျောက် ဘာသာရေးနှင့်ပတ်သက်သော ပွဲတော်များကို လည်းအချိန်အခါအလိုက် ကျင်းပလေ့ရှိကြသည်။ တန်ခူးလတာတက်ပွဲ၊ ကဆုန်လညောင်ရေသွန်းပွဲနှင့် ဆွမ်းလောင်းပွဲ၊ ဝါဆိုလ ဝါဆိုသင်္ကန်းကပ်လှူပွဲ၊ တရား စခန်းပွဲတို့ကို ပြုလုပ်လေ့ရှိကြသည်။ အထူးသဖြင့် သင်္ကြန်အပြီး ကျင်းပသောတာတက်ပွဲမှာ အကြီးမားဆုံးနှင့် ပျော်စရာအကောင်းဆုံးပွဲတော်ဖြစ်သည်။
တောင်ရိုးလူမျိုးတို့တွင် ယနေ့လက်စွဲအသုံးပြုနေ သော မှော်အေးချင်းလင်္ကာ၊ ရှင်ပြုပွဲရှိုးလိုက်ရတု စသည် တို့ကို တွေ့ရှိရခြင်းမှာ စာပေအခိုင်အမာရှိသော လူမျိုး တစ်မျိုးဖြစ်သည်ကိုဖော်ညွှန်းနေပါသည်။ တောင်ရိုးတို့၏စာပေအနုပညာတွင် မှော်အေးချင်းသည် အနုပညာ ပါသော လင်္ကာပင်ဖြစ်သည်။ မှော်အေးလင်္ကာတွင် ဗုဒ္ဓဝင်၊ မဟာဝင်၊ ရာဇဝင်၊ မောင်ဖွဲ့၊ မယ်ဖွဲ့၊ ကျေးလက်တောရွာ ဓလေ့နှင့် ကိုယ်ရည်သွေးမှုများကို ဖွဲ့နွဲ့ရွတ်ဆိုကြပါသည်။ ဤသို့ တင့်ဆန်းဝေဆာခဲ့သော စာပေအဆင့်အတန်း များသည် တောင်ရိုးတို့စာပေအနုပညာ မြင့်မားခဲ့မှုကို ပြသနေပါသည်။ တောင်ရိုးစာပေအနုပညာ၏ အမြုတေလက်ရာများသည် သက်ဆိုင်ရာစာပြုစာဆိုတို့၏ကျေးဇူးနှင့် လုံး၀မကင်းလွတ်ချေ။ တောင်ရိုးစာပေ အနုပညာ၏ ကြီးမားသော စွမ်းဆောင်ချက် တစ်စွန်းတစ်စ ဟု ဆိုနိုင်ပါသည်။
တောင်ရိုးတို့ မှော်အေးလင်္ကာသီဆိုပုံမှာ ဗုဒ္ဓဝင် တောထွက်ခန်းကို "အလှမင်းမျိုးသူတောထွက်တယ်၊ နှေဆယ်(နှစ်ဆယ့်)ကိုး၊ မင်းမျိုးစစ်လဲ၊ မင်းဖြစ်ပျင်းလို့ (မင်းပြုရန် ငြီးငွေ့လို့)၊ ချက်ချင်းစုကာ၊ သန်းခေါင်ညမှာ၊ သာ-သာမလို့၊ ထလေငြား၊ အများအိပ်မွေ့ (အိပ်ပျော်)၊ ပျိုတော်ပေါင်းမောင်းမတွေ၊ သူသေနှယ်ပဲ၊ ပါးစပ်လျှာနဲ့ အာကိုတက်၊ ပေါင်ထွက်ဒူးဖော်၊ တချို့မှာလည်း အိပ်နေ ကြတယ်၊ လုတ်တိုင်းအလား(သချိုင်းအလား)၊ အိပ်လို့ နေတယ်၊ သူသေလား၊ မြင်ငြားလေသော်" ဟူ၍ ဖွဲ့ဆို မှော်အေးသည်။ ဤနေရာတွင် သချိုင်းကို လုတ်တိုင်း အခေါ်အဝေါ်သည် စာရေးသူတို့ဒေသရှိ ခူမီးလူမျိုးအခေါ်နှင့် တူညီနေမှုတစ်ရပ်ကိုလည်း သိရှိစေလိုပါသည်။
တောင်ရိုးတို့၏ မှော်အေးလင်္ကာတွင် "မြောက်မှာ မြင်းမိုရ်၊ အလယ်ဗဟိုမှာ ဓူဝံကြယ်၊ ရှေ့ဝယ်ရှာသော်ဗြမ္ဗာ ခေါ်၍၊ နေသော်ထွက်လာထိုရပ်ကျေးမှာ၊ ဝင်းဝင်းဝါများစွာ ကြယ်စုံထွက်လို့လာ၊ ၀တိံသာဘုံမှာ ဘုရားပွင့်၊ ဒက္ခိဏမှာ နေဝင်၊ မဇ္စျိမဥတ္တရခေါ်ကြ၊ မြောက်ကျွန်းရပ်၊ အာကာ ခွင်မှာ နေစကြာ၊ လှည့်လည်ထွန်း"ဟုပါရှိလေရာ ဤ အလင်္ကာအရ တောင်ရိုးတို့မှာလည်း ဗုဒ္ဓဘာသာဝင်တို့ ၏ ယုံကြည်မှုအတိုင်းပင် "လေးကျွန်းတစ်မြင်းမိုရ်"တည်ရှိပုံကို ယုံကြည်သူများဖြစ်ကြောင်း သိရှိနိုင်ပါသည်။
တောင်ရိုးတို့၏ မှော်အေးသီချင်းတစ်ပုဒ်တွင် သီပေါမင်းပါတော်မူပုံကို အေးသောက်လခပ်သိမ်းသူနှင့် လူအများတို့ နားထောင်ကြ "ရာဇသခင်မျိုး၊ ပိတ်ဖျင်ထူလို့ ထီးဖြန့်မိုး၊ နန်းရိုးနွယ်ဆက်မင်းတုန်းဖွားတဲ့ သားပန်ဆက်၊ တစ်ထောင့်နှစ်ရာသာသည် လေးဆယ်၊ ဗေဒင်ကိန်းကျ ဂဏန်းပြမယ်၊ အစွန်းဝယ်ကိုရှု၊ ခုနစ်ခု(နှခု)၊ လုယူလား ရေ ဒို့ရာဇဝင်နှင့် ပမာ(ဗမာ)မြို့ကို သူတို့စီးသည့် ပြည်ကြီးသား၊ အမိလှဖပီတာရာဇာသခင်၊ ထီးဖြူအုပ်လို့၊ အရုပ်ရှင်အထင်လွှဲလို့၊ အခက်အခပ်နိုင်ဘူးလေး"ဟု ရေးဖွဲ့သီဆိုကြသည်ကို တွေ့ရသည်။ဤအချက်ကို ကြည့်ခြင်းဖြင့် ဗုဒ္ဓဘာသာယုံကြည်မှုကိုအခြေခံ၍ တောင်ရိုးတို့၏စာပေအနုပညာ၊ ယဉ်ကျေးမှု၊ အဆင့် အတန်းမြင့်ခဲ့ကြောင်း သိသာပါသည်။
တောင်ရိုးတို့၏ မှော်အေးပွဲ
မှော်အေးချင်းသည် ဧချင်း၊ လင်္ကာ၊ သီချင်း၊ ဖွဲ့နွဲ့သီဆို ခြင်း ဖြစ်သည်။ အထက်ဖော်ပြပါ ဗုဒ္ဓဝင်၊ မဟာဝင်၊ ရာဇဝင်၊ ကျေးလက်ဓလေ့နှင့် ကိုယ်ရည်သွေးမှုများကို ဧချင်း၊ လင်္ကာ၊ မောင်ဖွဲ့၊ မယ်ဖွဲ့၊ အသွင်ဖွဲ့ နွဲ့ကြခြင်းဖြစ် သည်။ ထိုသို့ဖွဲ့နွဲ့ပြီး ဘုရားပွဲ၊ အလှူပွဲတို့တွင် သီဆိုကာ ဟောပြောခြင်းကို "မှော်အေးပွဲ"ဟုခေါ်သည်။ ဤသို့ စာပေအလှရတနာများကို တင့်ဆန်းဝေဆာအောင် ခြယ်သတန်ဆာဆင်ဖွဲ့နွဲ့ ဟောပြောခြင်းပင်ဖြစ်သည်။
မှော်အေးသူကိုရှမ်းစကားဖြင့် "မှော်ကွမ်းလုံ" ဟုခေါ်သည်။ မှော်=စာဟောကျွမ်းကျင်သူ၊ စာဂွမ်း=စကား၊ လုံ=မြင့်မြတ်ကြီးကျယ်ခြင်း ဟုအဓိပ္ပာယ်ရသည်။ မှော်စာ ဂွမ်းလုံကို မှော်ကွမ်းလုံဟု ခေါ်ခြင်းဖြစ်သည်။ စာပေဟောကျွမ်းကျင်သည့် မြင့်မြတ်သောပုဂ္ဂိုလ်ဟု အဓိပ္ပာယ်မည်၏။ မှော်အေးဆရာမှာ မြန်မာကွက်စိပ်ဟော ဆရာနှင့် တူလှသည်။ ဇာတ်နိပါတ်များကို တန်ဆာဆင် ဖွဲ့နွဲ့ပြီး ဘုရားပွဲ၊ အလှူပွဲများတွင် မှော်ကွမ်းလုံက ရသ မြောက်စွာ သီဆိုဟောပြောသည့်ပွဲကို တောင်ရိုးတို့က "မှော်အေးပွဲ"ဟု ခေါ် ခြင်းဖြစ်သည်။
မှော်အေးပွဲတွင် မှော်ကွမ်းလုံက မှော်အေးလင်္ကာကို ရသမြောက်စွာ ဟောပြောသီဆိုကြသည့် စာပေအနုပညာ ကြီးကျယ်ခမ်းနားမှုတို့သည် တောင်ရိုးတို့အမျိုးဂုဏ်၊ ဇာတိ ဂုဏ် မြင့်မားမှုနှင့် အမျိုးသားရေးစရိုက်လက္ခဏာတို့ကို မြင်တွေ့ရုံနှင့် ခန့်မှန်းသိရှိနိုင်ပါသည်။ တောင်ရိုးတို့၏သမိုင်းကြောင်း၊ ဘာသာစကား၊ ရိုးရာယဉ်ကျေးမှုနှင့် စာပေအနုပညာတို့ကိုလက်လှမ်းမီသမျှ စုစည်းတင်ပြရ ခြင်း ဖြစ်ပေသည်။ ယခုထက်မက ဖြည့်ဆည်းစရာများ ရှိနေပါဦးမည်။ ရှိလည်းရှိနေပါသေးသည်။ ထို့ကြောင့် တောင်ရိုးတိုင်းရင်းသားများသည် မြတ်စွာဘုရား ဟောကြား တော်မူသော ဓမ္မဒေသနာတော်များကို မှော်အေးလင်္ကာ များဖြင့် ယခုထက်ပိုမိုဖြည့်ဆည်းပေးရန် လိုအပ်ချက်များ နှင့်အတူ လောကီပညာရပ်ဖြစ်သည့် ယဉ်ကျေးမှုဓလေ့ ထုံးစံနှင့် စာပေအနုပညာရပ်များကိုပါ တောင်ရိုးစာပေ ဖြင့် ရေးသားဖြန့်ဖြူးခြင်း၊ သင်ကြားပို့ချခြင်းတို့ကို ကြိုးစား ပြုလုပ်ပေးကြခြင်းဖြင့် တောင်ရိုးတိုင်းရင်းသားတို့၏ ဖွံ့ဖြိုး တိုးတက်မှုကို ဆောင်ရွက်နိုင်ကြပါစေ။ ။
ကိုးကား
၁။ တို့တိုင်းရင်းဖွားပြည်ထောင်စုသား -ဦးမင်းနိုင်၊ ဘီအေ
၂။ တိုင်းရင်းသားယဉ်ကျေးမှုနှင့်ရိုးရာဓလေ့ထုံးစံ(ရှမ်း)
၃။ ဓနုတောင်ရိုး - ဒါရိုက်တာမြင့်မောင်
၄။ တောင်ရိုးသမိုင်းရာဇဝင်-တောင်ရိုးလေး(၂၀၀၉)
၅။ မြန်မာပြည်လူမျိုးအုပ်စုများစာစောင် - စီစီလုဝစ္စ်
၆။ လွမ်းမောမိသည်တောင်ရိုးတို့ဌာနီ-နီငြိမ်း
(အညာတက္ကသိုလ်)(နိုင်ငံ့ဂုဏ်ရည်-၁၁၁/၀၉)
ကြေးမုံ


