ငါ့သရောက် ၂၀ ဧပြီ  

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၊ အမှတ်(၃)ရပ် တောင်ကုန်းကျေးရွာတွင် ဗီယက်နမ်နိုင်ငံ ဗုဒ္ဓဘာသာ သာသနာပြုအဖွဲ့ ဆရာလေး Quang Duyen နှင့်အဖွဲ့သည် သောက်သုံးရေအတွက် စက်ရေတွင်းတူးရန် အမေရိကန်ဒေါ်လာ ၄၀ဝ၀ ကို ယနေ့နံနက်က လှူဒါန်းခဲ့ကြောင်း အမှတ်(၃)ရပ်၊ တောင်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှသောင်းထံမှ သိရသည်။

 

အဆိုပါ ဗီယက်နမ်သာသနာပြုဆရာလေး Quang Duyen နှင့်အဖွဲ့သည် ငါ့သရောက်မြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဦးကျော်ဆန်းနှင့် ဆက်သွယ်မိရာက ရေရှားပါးသည့် ကျေးရွာရှိပါက လှူဒါန်းလိုကြောင်းသိရှိပြီး ဦးကျော်ဆန်းမှ တောင်ကုန်းကျေးရွာသည် ရေရှားပါးသော ကျေးရွာဖြစ်ကြောင်း၊ ထိုရွာအားလှူဒါန်းနိုင်ကြောင်းပြောပြရာမှ   ဗီယက်နမ်သီလရှင်   ဆရာလေး   Quang Duyen နှင့်အဖွဲ့က   လာရောက်ကာ အမေရိကန်ဒေါ်လာ ၄၀ဝ၀ အား ကျေးရွာသူရွာသားများရှေ့မှောက်တွင် စက်ရေတွင်းတူးဖော်ရန် လှူဒါန်းခဲ့သည်။

 

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှသောင်းနှင့် တာဝန်ရှိသူများက လှူဒါန်းငွေများကို ပုဂံ-ညောင်ဦးရှိ Money Exchange သို့ သွားရောက်လဲလှယ်ခဲ့ရာ မြန်မာငွေကျပ် ခြောက်ဆယ့်သုံးသိန်းနှစ်သောင်း ရရှိခဲ့ကြောင်း သိရသည်။ စက်ရေတွင်း အမြန် တူးဖော်နိုင်ရေးအတွက် တူးဖော်မည့်လုပ်ငန်းရှင်များနှင့် ကုန်ကျစရိတ် ဆွေးနွေးညှိနှိုင်း လျက်ရှိပြီး စက်ရေတွင်းတူးဖော်မည့် မြေနေရာအားလည်း အလှူခံရရှိထားပြီးဖြစ်ကာ မကြာမီ အကောင်အထည်ဖော် ဆောင်ရွက်တော့မည်ဖြစ်ကြောင်း ဦးလှသောင်းက ပြောပြသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း

 

3.2