မကွေး ၂၀ ဧပြီ

 

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၉ခုနှစ်၊ မတ်လ(၃၀)ရက်နေ့မှ ဧပြီလ(၁၈)ရက်နေ့ထိ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုများကြောင့် မြို့နယ်(၉)မြို့နယ်၊ ကျေးရွာပေါင်း(၇၃)ရွာတွင် လူနေအိမ်နှင့် ဘာသာရေး အဆောက်အဦ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး ဆန်ရိက္ခာ၊ ဆောက်လုပ်ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းတန်ဖိုး ကျပ်သိန်း ၃၅၀ ကျော် ထောက်ပံ့မှုများ လုပ်ဆောင်ထားကြောင်း သိရသည်။

 

လေပြင်းတိုက်ခတ်မှုများကြောင့် လူနေအိမ်(၃၃)လုံးနှင့် ဘာသာရေးအဆောက်အဦ(၁)ခု ပြိုကျပျက်ဆီးခဲ့ပြီး လူနေအိမ် (၅၇၉)လုံးနှင့် ဘာသာရေးအဆောက်အဦ(၁၃)လုံးတို့ တစ်စိတ်တစ်ပိုင်းပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ လေဘေးသင့် အိမ်ထောင်စု(၆၁၂)စု၊ လူဦးရေ(၁၇၉၇)ရှိကာ ပျက်ဆီးဆုံးရှုံးမှုတန်ဖိုး ၂၉,၁၀၂,၉၅၀ ကျပ်ရှိခဲ့ခြင်းကြောင့် ငွေကျပ် ၃၅,၄၀၃,၆၃၉ တန်ဖိုးရှိ ထောက်ပံ့မှုများ လုပ်ဆောင်ထားကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မကွေးတိုင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

 

 “ဒီလအတွင်းမှာ လေပြင်းတိုက်ခတ်မှုက ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒီလိုဖြစ်တဲ့အခါမှာလည်း ဘေးသင့်ပြည်သူ တွေလက်ထဲကို ကယ်ဆယ်ရေးပစ္စည်းတွေ၊ ရန်ပုံငွေတွေ အချိန်မီရောက်ရှိအောင် ဆောင်ရွက်လျက်ရှိပါတယ်။ အိမ်ဆောက် ပစ္စည်းတွေအတွက်တော့ ငွေကိုပဲလိုချင်ကြတဲ့အတွက် ငွေသားပဲ ထောက်ပံ့ပေးပါတယ်။ ဘေးအန္တရာယ်လျော့ပါးရေးအတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ ကျေးရွာတွေမှာ ပညာပေးဟောပြောပွဲတွေ ဆက်လက်ဆောင်ရွက်သွားပါမယ်” ဟု မကွေးတိုင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးမြင့်စိုး က ပြောသည်။

 

မတ်လ ၃၀ ရက်နေ့၌ မကွေးမြို့နယ်၊ ငါးဆောင်ကျေးရွာ၊ မတ်လ ၃၁ ရက်နေ့၌ ပွင့်ဖြူမြို့နယ် ရေဖြူတွင်းကျေးရွာ၊ ဧပြီလ(၁)ရက်နေ့၌ သရက်မြို့နယ်၊ စက်တောင်ကျေးရွာ၊ ဧပြီလ ၂ရက်နေ့၌ ကံမမြို့နယ်အတွင်း ကျေးရွာ(၄)ရွာ၊ ဧပြီလ(၅) ရက်နေ၌ ဂန့်ဂေါမြို့နယ်၊ ညောင်လယ်ကျေးရွာ၊ ဧပြီလ(၆)ရက်နေ့၌ ပခုက္ကူမြို့နယ်အတွင်းမှ ကျေးရွာ(၁၀)ရွာ နှင့် ဂန့်ဂေါမြို့ နယ်၊ ဖုန်းဆိုကြယ်ကျေးရွာ၊ ဧပြီလ(၇)ရက်နေ့၌ သရက်မြို့နယ်အတွင်းမှ ကျေးရွာ(၆)ရွာ၊ ဧပြီလ(၈)ရက်နေ့၌ ပေါက်မြို့နယ်၊ ဝန်တင်ကျေးရွာတို့တွင် လေပြင်းများတိုက်ခိုက်၍ ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

 

လေပြင်းတိုက်ခတ်မှုများ (၈)ရက်ကြာ ရပ်တန့်သွားခဲ့ပြီးနောက်ပိုင်း ဧပြီလ(၁၇)ရက်နေ့တွင် မကွေးမြို့နယ် ဖိုဝေးကျေးရွာနှင့် ဆူးပြစ်စမ်းကျေးရွာ၊ ပေါက်မြို့နယ်ရှိ ကျေးရွာ(၁၆)ရွာ၊ တောင်တွင်းကြီးမြို့နယ်ရှိ ကျေးရွာ(၁၈) ရွာတို့တွင် လေပြင်းများ ပြန်လည်တိုက်ခတ်ခဲ့ကြောင်း၊ ဧပြီလ(၁၈)ရက်နေ့တွင် ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာ(၂)ရွာ၊ ပေါက်မြို့နယ်ရှိ ကျေးရွာ(၃)ရွာ နှင့် မြိုင်မြို့နယ်ရှိ ကျေးရွာ(၆)ရွာတို့တွင် လေပြင်းတိုက်ခတ်၍ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊  ဒေသဆိုင်ရာ တာဝန်ရှိသူများက ကူညီထောက်ပံ့မှုများနှင့် လေဘေးသင့်မှုဆိုင်ရာ စာရင်းကောက်ခံမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

ဇေယျတု(မကွေး)