လွိုင်ကော် ၂၀ ဧပြီ    

 

ပြန်ကြားရေးနနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတ ပြည့်ဝစေရေး၊ စာပေဖတ်ရှုခြင်းအားဖြင့် စဉ်းစားခြင်း အတွေးအခေါ် ဗဟုသုတနှင့် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် လွိုင်ကော်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့၏ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

 

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးစန်းနွယ်၊ ကွန်ပျူတာတက္ကသိုလ်မှ ဆရာဦးကျော်ဇင်ထွန်း၊ စိုင်းအောင်သူလင်း (အထက်တန်းရှေ့နေ)၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဦးထွန်းထွန်းနိုင်နှင့် ရေနီကန်ကျေးရွာ ဒေါ်ခင်မျိုးမျိုးဝင်းတို့က  ဦးဆောင်ဆွေးနွေးကြပြီး  တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များက စာရေးဆရာ ဖေမြင့် ၏ “ တန်ဖိုးထားအပ်သောအရာများ  ” စာအုပ်ပါ အကြောင်းအရာများနှင့် ပတ်သက်ပြီး ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် ဆရာဦးကျော်ဇင်ထွန်းက ယနေ့လူငယ်များအနေဖြင့် ၄င်းစာအုပ်ကို ဖတ်ရှုလေ့လာသင့်ကြောင်း၊ ယင်းစာအုပ်ပါ ခေါင်းစဉ်(၁၂)ခုလုံးရဲ့ အတွေးအခေါ်ပိုင်းအား ယနေ့လူငယ်များ လိုက်နာကျင့်ကြံကြစေလိုကြောင်းနှင့် စာဖတ်ခြင်း၊ စာဖတ်ဝိုင်းကျင်းပခြင်းဖြင့် အသိပညာဗသုတများတိုးပွားရရှိကာ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ပြီး ရင့်ကျက်ထက်မြက်သည့် လူငယ်လူရွယ်များဖြစ်စေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။

 

လွိုင်ကော်သား