မန္တလေး ၂၀ ဧပြီ

 

မန္တလေးမြို့တွင် အပူရှိန်လွန်ကဲမှုကြောင့် ဖြစ်ပွားနိုင်သည့် အပူရှပ် (Heat Stroke) လူနာများ ရောက်ရှိလာပါက အချိန်မီကုသမှုပေးနိုင်ရန် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးတွင် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားကြောင်း အဆိုပါ ဆေးရုံကြီး ဆေးလူမှုဆက်ဆံရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းလွင်ထံမှ သိရသည်။

 

လက်ရှိတွင် မန္တလေးမြို့၏ နေ့အပူချိန်မှာ ဧပြီ ၁၂ ရက်မှစ၍ ၄၀ ဒီဂရီစင်တီဂရိတ် အထက်သို့ ရောက်ရှိနေပြီး ဧပြီ ၁၆ ရက်တွင် ၄၂ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လျက်ရှိရာ အပူဒဏ်လွန်ကဲမှုကြောင့် အပူရှပ် (Heat Stroke) ရောဂါများ ဖြစ်ပွားလာပါက ကာကွယ်တားဆီး၍ အချိန်မီ ကုသမှုပေးနိုင်ရန် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၊ တိုင်းဒေသကြီး ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်နှင့် မန္တလေး အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာ တင်တင်မိုးတို့ ဦးဆောင်သည့် အဖွဲ့ ၉ ဖွဲ့ ပါဝင်သော ကာကွယ်တားဆီး ထိန်းချုပ်ရေးနှင့် ကုသရေးကော်မတီကို ဖွဲ့စည်းကာ စီမံချက်များရေးဆွဲ၍ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားကြောင်း သိရသည်။

 

“လက်ရှိမှာတော့ ကျွန်တော်တို့ ဆေးရုံကြီးကို ဒီလို ဝေဒနာရှင်တွေ ရောက်ရှိလာခြင်း မရှိသေးပေမယ့် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းတွေအနေနဲ့ ဧပြီလ ဒုတိယပတ်ကတည်းက ကော်မတီဖွဲ့စည်းပြီး ဆောင်ရွက်ထားပါတယ်။ ကုသရေးပိုင်းအတွက် အထူးကုဆရာဝန်ကြီးတွေ ဆရာဝန်တွေ ကျွမ်းကျင်ဝန်ထမ်းတွေကို အဆင်သင့်ထားရှိပြီး ကုသဆောင်တွေကိုလည်း လေဝင်လေထွက် ကောင်းပြီး သက်သောင့်သက်သာ ကုသမှု ခံယူနိုင်အောင် ပြင်ဆင်ထားပါတယ်။ ဒါ့အပြင် ရေခဲစက်တွေ လူမှုကူညီရေးအသင်းတွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်” ဟု ၄င်းက ပြောသည်။

 

အဆိုပါကော်မတီတွင် ဆေးဝါးနှင့် စက်ပစ္စည်းကိရိယာ ဖြည့်ဆည်းရေးအဖွဲ့၊ ပို့ဆောင်ရေးအဖွဲ့၊ နှစ်သိမ့်ဆွေးနွေး ပညာပေးရေးအဖွဲ့၊ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းတင်ပြုစုရေးအဖွဲ့၊ ပြင်ဆင်ထိန်းသိမ်းရေးအဖွဲ့၊ ရေခဲနှင့် အခြားလိုအပ်ချက်များ ဝယ်ယူဖြည့်တင်းရေးအဖွဲ့နှင့် ဧည့်ခံကျွေးမွေးရေးအဖွဲ့ စသည့် အဖွဲ့ ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)