နေပြည်တော် ၂၀  ဧပြီ

 

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးဌာန၊ ၂၀၁၉ ခုနှစ် ကာယပညာနှင့်အားကစား အခြေခံ နည်းပြသင်တန်းအမှတ်စဉ်(၂၀) သင်တန်းဖွင့်ပွဲ အခမ်းအနားကို နေပြည်တော် အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပညာရေးကို အဘက်ဘက်က မြှင့်တင်ဆောင်ရွက်ရာ၌ ကျန်းမာရေးနှင့်အားကစားကိုလည်း တစ်ပါတည်း မြှင့်တင်ဆောင်ရွက်သွားရန် အလွန်အရေးကြီးပါကြောင်း၊ ကိုယ်လက်ကြံ့ခိုင် သန်စွမ်းမှုရှိမှသာပေးသည့်ပညာကို အလွယ်တကူလက်ခံရယူနိုင်ပြီး နိုင်ငံသားကောင်းများ ဖြစ်လာနိုင်မည် ဖြစ်ပါကြောင်း၊ အခြေအနေ အကြောင်းကြောင်းကြောင့် ကာယပညာသင်တန်းများ ဆက်လက် မဖွင့်လှစ်နိ်ုင်ခဲ့ရာ ယခုအချိန်တွင် ပညာရေးဝန်ကြီးဌာနအောက်ရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းပေါင်း(၈၂၀၄)ကျောင်းတွင် ကာယပညာဆရာဆရာမ (၆၁၀၉)ဦး လစ်လပ်လျက်ရှိပါကြောင်း၊ အခြေခံပညာသင်ရိုးသစ်အရ အခြေခံပညာကျောင်းတိုင်းတွင် ကာယပညာဘာသာရပ်သည် အဓိကသင်ရိုးဝင် ဘာသာရပ်တစ်ခုဖြစ်သည့်အတွက် ကာယပညာ သင်ချိန်တွင် ကာယပညာနှင့်အားကစားဘာသာရပ်ကို စနစ်တကျမှန်ကန်စွာ သင်ကြားပေးနိုင်မည့် အရည်အသွေးပြည့်ဝသော ကာယပညာဆရာဆရာမများ ပြည့်ပြည့်စုံစုံခန့်ထားနိုင်ရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ လူသားအရင်းအမြစ်များကို ခြိမ်းခြောက်နေသည့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးထိန်းချုပ်ရန် အကောင်းဆုံးနည်းလမ်းသည် အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများအားအားကစားတွင် ပိုမိုစိတ်ဝင်စားလာအောင် စနစ်တကျ လေ့ကျင့်သင်ကြား ပျိုးထောင်ပညာပေးခြင်းပဲ ဖြစ်ပါကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းတွင် သင်ကြားပို့ချပေးသည့် ပညာရပ်များအား ကြိုးကြိုးစားစား လေ့ကျင့်သင်ယူ၍ ထူးချွန်ထက်မြက်သည့် အရည်အသွေးပြည့်ဝသော ကာယပညာ ဆရာဆရာမများဖြစ်လာအောင် ကြိုးစားအားထုတ်ကြစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ကာယပညာနှင့် အားကစားအခြေခံနည်းပြသင်တန်း အမှတ်စဉ်(၂၀)ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

 

ယင်းနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းကူညီဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ တင်ပြဆွေးသည်။ ထို့နောက် သင်တန်းတွင် သင်တန်းနည်းပြအဖြစ် တာဝန်ယူကြမည့် အခြေခံပညာဦးစီးဌာနမှ ကာယပညာ ဆရာဆရာမများ၊  သင်တန်းသားသင်တန်းသူများက ဂါရဝပြုနှုတ်ဆက်ကြသည်။

 

၂၀၁၉ ခုနှစ် ကာယပညာနှင့်အားကစားအခြေခံနည်းပြသင်တန်း အမှတ်စဉ်(၂၀) သင်တန်းတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ သင်တန်းသားသင်တန်းသူ ၄၀ဝ တက်ရောက်ကြပြီး သင်တန်းကာလမှာဧပြီ(၂၀)ရက်မှ မေ(၃၀)ရက်အထိ ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)

 

1