ရန်ကုန် ၂၀  ဧပြီ

 

(၁၇) ကြိမ်မြောက် ဆရာဝန်တင်ရွှေ စာပေဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်း လွဲ ၁ နာရီတွင်  ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ကျင်းပသည်။

 

mdn

 

အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အမှာစကား ပြောကြားရာ၌  ယနေ့အခမ်းအနားသည် ဆရာဝန်တင်ရွေ မိသားစုက ဆုချီးမြှင့်ထိုက်သည့် ပုဂ္ဂိုလ်များကို ဆုချီးမြှင့်ခြင်းဖြစ်သည့်အတွက် အလွန် မင်္ဂလာရှိပါကြောင်း၊ ဆရာဝန်တင်ရွှေ မိသားစုအနေဖြင့် ဆုရပုဂ္ဂိုလ်များကို ဆက်လက် ဆုချီးမြှင့်နိုင်ခြင်းမှာ အလွန်ဝမ်းမြောက်ဖွယ် ကောင်းသလို ကျေးဇူးလည်းတင်ပြီး ချီးကျူးစရာလည်း ကောင်းပါကြောင်း၊  စာပေဆုများအပါအဝင် အနုပညာနှင့်ပတ်သက်သည့် ဆုများကို ချီးမြှင့်ခြင်းမှာ စာပေနှင့်အနုပညာကို ချီးမြှောက်ခြင်း ဖြစ်ပါကြောင်း၊

 

ယခုကဲ့သို့ ဆုများချီးမြှင့်ခြင်းကြောင့်လည်း စာပေနှင့် အနုပညာသည် ပိုမိုတန်ဖိုးရှိပြီး စိတ်ဝင်စားဖွယ်ပိုမိုဖြစ်လာပါကြောင်း၊ စာပေဆုများ ချီးမြှင့်ခြင်းအားဖြင့် တန်ဖိုးရှိသည့် စာအုပ်ကောင်းများ ပိုမိုတည်တံ့ရှင်သန်အောင်၊ ၎င်းတို့၏ တန်ဖိုးကို ပိုမိုပြန့်ပွားအောင် ဆောင်ရွက်ပေးနိုင်သည်ဟုမြင်ပါကြောင်း၊

 

စာပေဆုများကိုချီးမြှင့်သည့် ပုဂ္ဂိုလ်များ ရှိသည့်အတွက်ကြောင့်လည်း စာပေသမားများသည် ဆုရစာအုပ်များကို စိတ်ဝင်တစား လေ့လာဖတ်ရှုကြရာ  ၎င်းတို့အတွက် လမ်းကြောင်းပေးသည့် သဘောဖြစ်သည့် အတွက်  တန်ဖိုးရှိပါကြောင်း။

 

စာပေဆုချီးမြှင့်ခြင်း အခမ်းအနားကို တက်ရောက်ရခြင်းအားဖြင့် တက်ရောက် လာသူများက ဆုရပုဂ္ဂိုလ်များကို မုဒိတာပွားသလို ဆုချီးမြှင့်သည့် ပုဂ္ဂိုလ်များအပေါ်တွင်လည်း မုဒိတာပွားပြီး အားကျကြမည်ဖြစ်ကာ အလားတူ မိမိတို့ကိုယ်တိုင်လည်း စာပေနှင့် ပတ်သက်သည့် အလှူဒါန သို့မဟုတ် ပံပိုးကူညီမှု၊ စောင့်ရှောက်မှု စသည် အလုပ်များတွင်  ပိုပြီး စိတ်အားထက်သန်မှုများ ရှိလာကြသည်ကို တွေ့ရပါကြောင်း ပြောကြားသည်။

 

mdn

 

ထို့နောက် ဆုရွေးချယ်ရေးအဖွဲ့ကိုယ်စား ဒေါက်တာခင်အေး(မောင်ခင်မင် ဓနုဖြူ) က ၂၀၁၈ ခုနှစ်အတွက် ဆရာဝန်တင်ရွှေ စာပေဆုရရှိသူများအား ရွေးချယ်ရခြင်းနှင့် ပတ်သက်သည့် မှတ်ချက်အကျဉ်းကို ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဆရာဝန်တင်ရွှေ တစ်သက်တာ စာပေဆုရ ဆရာမကြီး ဒေါက်တာရီရီလှ(ယုဝတီခင်ဦး)၊ ပညာရေးဆောင်းပါးပေါင်းချုပ် စာအုပ်ဖြင့် ဆုရရှိသူ ဆရာကြီးဒေါက်တာသန်းဦး၊ စာကြည့်တိုက်ထဲက စကားပြန် စာအုပ်ဖြင့် ဆုရရှိသူဆရာဝင်းတင့် ကိုယ်စား ဒေါက်တာဥမ္မာဦး၊ ယင်းကျားစာအုပ်ဖြင့် ဆုရရှိသူ ဇော်လွင်ဦး (ဟင်္သာတ)နှင့် The Sweet Honey Drop on the Sharp Scalpel Blade စာအုပ်ဖြင့် ဘာသာပြန်စာပေဆုရရှိသူ  ဒေါက်တာဇော်ထွန်းတို့အား ဆုများ ပေးအပ်ချီးမြှင့်သည်။

 

mdn

 

ဆက်လက်၍ ဆရာဝန်တင်ရွှေ၏ သမီးဖြစ်သူ KMD ကုမ္ပဏီဥက္ကဋ္ဌ ဒေါ်တင် တင်အေးနှင့် ဘာသာပြန်စာရေးဆရာ ဦးကျော်ဆွေ ဇနီး ဒေါ်သင်းသင်းနိုင်တို့က သက်ကြီးစာရေးဆရာများအတွက် အလှူငွေများကိုပေးအပ်လှူဒါန်းကြရာ မြန်မာနိုင်ငံ စာရေးဆရာ အသင်းဥက္ကဌ ဦးကျော်ဝင်း (မနုဿကျော်ဝင်း)က လက်ခံပြီး ဆရာဝန်တင်ရွှေ၏ သားဖြစ်သူ ဦးသက်လွင်ရွှေက ဆုရွေးချယ်ရေးအဖွဲ့ကိုယ်စား ဆရာဦးကြည်မင်းအား အမှတ်တရလက်ဆောင်များ ပေးအပ်သည်။

 

mdn

 

ထို့နောက် ဆုရရှိသူများနှင့် စာပေဆုအလှူရှင်မိသားစု ကိုယ်စား သမီး ဒေါ်သက် သက်ရွှေတို့က ကျေးဇူးတင်စကားပြန်လည်ပြောကြားကြပြီး ပြည်ထောင်စုဝန်ကြီးသည် ဆုရရှိကြသူများ၊ စာပေဆုအလှူရှင် မိသားစုတို့နှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

 

(သတင်းစဉ်)