မြဝတီ ၂၀ ဧပြီ
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝန်းခိုင်သန်းသည် ယနေ့နံနက်ပိုင်းတွင် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးစိန်ဗိုလ်၊ ကရင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသော ဦးအိုက်ကျန်ခမ်းနှင့် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြဝတီခရိုင် တောင်ပိုင်း ဒေသခံပြည်သူများနှင့် သွားရောက်တွေ့ဆုံသည်။
ခရီးစဉ်တွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် အမျိုးသားလွှတ်တော် ရန်ပုံငွေဖြင့် မြဝတီမြို့နယ် စုကလိမြို့ နယ်ခွဲ၊ ဆုံဆည်းမြိုင်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းဝင်း ကွန်ကရစ်လမ်းဖွင့်ပွဲသို့ တက်ရောက်ပြီး ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာလမ်းကို ဖြတ်သန်းကြည့်ရှုသည်။
ထို့နောက် ဝေါလေမြိုင်မြို့နယ် ဝေါလေမြို့၌ ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေဖြင့် ဆောင်ရွက်သော ဝေါလေမြို့ အမှတ်(၁)ရပ်ကွက် ဈေးအဝင်လမ်းဖွင့်ပွဲသို့ တက်ရောက်ပြီးလမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ် ဂေါလီချောင်း ကျောက်စီနံရံ ကာရန်ထားမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်အဖွဲ့သည် မြဝတီခရိုင် တောင်ပိုင်းဒေသခံ ပြည်သူများအား ဝေါလေမြိုင်မြို့ အရုဏ်ဦး မူလတန်းကြိုကျောင်း၌ လည်းကောင်း၊ စုကလိမြို့နယ် မဲကလားကျေးရွာအုပ်စု ဝါးမိထကျေးရွာ ဘုန်းကြီးဝင်းအတွင်း၌ လည်းကောင်း၊ ဖလူးကျေးရွာအုပ်စု ကျောက်ခက်စံပြကျေးရွာ မူလတန်းကျောင်း၌လည်းကောင်း တွေ့ဆုံသည်။
ထိုသို့ပြည်သူများနှင့်တွေ့ဆုံစဉ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက မိမိအနေဖြင့် လွှတ်တော်နားရက်မှသာ မိမိမဲဆန္ဒနယ်မြေသို့ ရောက်ရှိနိုင်ခြင်းဖြစ်သဖြင့် ဒေသခံပြည်သူများ၏ အခက်အခဲများကို တင်ပြပေးစေလိုကြောင်း၊ သိရှိလိုသည်များကိုလည်း မေးမြန်းစေလိုကြောင်း၊ သို့မှသာ မိမိအနေဖြင့် ပြည်သူများ၏ ခံစားမှုများ၊ အခက်အခဲများကို သိရှိပြီး လိုအပ်ချက်များမှ ဆောင်ရွက်နိုင်သည်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အချို့ကိစ္စရပ်များကို သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒေသခံပြည်သူများက ကဏ္ဍအလိုက် လိုအပ်မှုများကို တင်ပြကြရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းပြောကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် ဖလူးကျေးရွာအုပ်စု ကျောက်ခက်ကျေးရွာရှိ မန်းဘခိုင် ကျေးရွာစာကြည့်တိုက်အတွက် စာအုပ်များလှူဒါန်းပြီး စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုသည်။
သတင်း- မောင်စိန်လွင်၊ ဓာတ်ပုံ- မင်းထက်


