နေပြည်တော် ၂၀ ဧပြီ
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shouigu နှင့် ရုရှား-မြန်မာစစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၏ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာသွားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည် ရေးကိုယ်စားလှယ် အဖွဲ့သည် ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အူလန်အူဒယ် မြို့သို့ရောက်ရှိကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ULAN-UDE Aviation Plant မန်နေးဂျင်းဒါရိုက်တာ Mr.ALEXEY KOZLOV ၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ်ကျော်စိုးမိုးနှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် (၈)ကြိမ်မြောက် မော်စကိုနိုင်ငံတကာ လုံခြုံရေးဆိုင်ရာ ညီလာခံ(8th Moscow Conference on International Security)သို့တက်ရောက်ခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရနှင့် တပ်မတော်မှအကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ စက်ရုံ၊ အလုပ်ရုံများနှင့် အထင်ကရနေရများအား လှည့်လည်ကြည့်ရှုလေ့လာခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
(သတင်းစဉ်)


