နေပြည်တော် ၂၀ ဧပြီ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့် ဖြန့်ဖြူးနိုင်ရေးအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် လှိုင်မြို့နယ်၊ ယောဂီကျောင်းလမ်းနှင့် ပြည်လမ်းထောင့်ရှိ ၆၆/၁၁-၆.၆ကေဗွီ လှိုင်တက္ကသိုလ် Gas Insulated Switchgear (GIS) ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲ က အဆိုပါဓာတ်အားခွဲရုံ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် က နိုင်ငံတော် အစိုးရအနေဖြင့် တိုင်းရင်းသား လူမျိုးပေါင်းစုံ၏ အဓိကလိုအပ်ချက်များကို သာတူညီမျှဖြစ်အောင် ဘက်ပေါင်းစုံမှ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာတွင် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေးကို ဦးစားပေးဆောင်ရွက် လျက်ရှိပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ဓာတ်အားသုံးစွဲသူ အများအပြားရှိရာသို့ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးလျက်ရှိရာတွင် ဓာတ်အားလိုင်းများ ဝန်အားပြည့်နေခြင်းအား ဖြေရှင်းနိုင်ရန် အတွက် ၅၀၀ ကေဗွီ ဓာတ်အားလိုင်း (ပြည်ထောင်စု မဟာဓာတ်အားလိုင်း Union Grid) အနေဖြင့် စတင်တည် ဆောက်လျက်ရှိပြီး နိုင်ငံအတွင်း ၅၀၀ ကေဗွီ ဓာတ်အားလိုင်း (၅)လိုင်း ဆောင်ရွက်သွား ရန် စီမံ ဆောင်ရွက်နေကြောင်း၊ ယခုဓာတ်အားခွဲရုံတည်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် အတွင်းရှိ လျှပ်စစ်မီးသုံးစွဲသူပြည်သူများ(အိမ်ထောင်စု ၃၀၂၁၃ စု/ မီးသုံးစွဲသူဦးရေ ၄၃၇၅၈)သို့ လှိုင်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်အတွင်းရှိ ၆၆ ကေဗွီ ဓာတ်အားခွဲရုံ (၁)ရုံနှင့် ၃၃ ကေဗွီ ဓာတ်အားခွဲရုံ (၄)ရုံတို့ မှတစ်ဆင့် ဓာတ်အားရယူ ဖြန့်ဖြူးပေးလျက်ရှိရာ နွေရာသီကာလများတွင် ဓာတ်အားခွဲရုံများ၊ ထရန် စဖော်မာများနှင့် ဓာတ်အားလိုင်းများတွင် ဝန်အားပြည့်ကျော်လွန်မှု (Overload)များ ဖြစ်ပေါ်လျက်ရှိပြီး ဗို့အားပြည့်ဝမှုမရှိခြင်း၊လျှပ်စစ်ဓာတ်အားလုံလောက်မှုမရှိခြင်း စသည့်အခြေအနေ များ ဖြစ်ပေါ်နေသည့် အတွက် အရည်အသွေးပြည့်ဝပြီး တည်ငြိမ်သော လျှပ်စစ်ဓာတ်အားကို ဖြန့်ဖြူးပေးနိုင်ရန်၊ Load Sharing ပြုလုပ်ပေးနိုင်ရန်နှင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အတိုင်းအတာတစ်ခုအထိ ဖြည့် ဆည်း ပေးနိုင်ရန်ရည်ရွယ်ပြီး Load Center ကျသည့် ယခုဓာတ်အားခွဲရုံနေရာတွင် တပ်ဆင်အင်အား ၃၀ အမ်ဗွီအေရှိသော ၆၆ ကေဗွီ GIS ဓာတ်အားခွဲရုံကို ဖီဒါ ၈ ခုဖြင့် အဆင့်မြှင့်တင် တိုးချဲ့တည် ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခင်က ၆.၆ကေဗွီ ဗို့အား စနစ်ဖြင့် ဓာတ်အား ဖြန့်ဖြူးပေးခဲ့ရာ ဗို့အား ကျဆင်းမှုများရှိခဲ့၍ ယခုအခါ ၁၁ ကေဗွီဗို့အားစနစ်သို့ အဆင့်မြှင့်တင်ပြောင်းလဲ ဓာတ် ားပေးခဲ့သည့် အတွက် ဗို့အားတည်ငြိမ်စွာဖြင့် ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးတက္ကသိုလ်/ကောလိပ်များ၏ ပညာသင်ကြားရေးလုပ်ငန်းများနှင့် သုတေသန လုပ်ငန်းများတွင်ထိရောက်သည့် အကျိုးကျေးဇူးများရရှိလာမည် ဟု ယုံကြည်ပါကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၂၀၁၅ခုနှစ်တွင် Residential& Commercial (၉၁၄) မဂ္ဂါဝပ်၊ Industrial(၁၈၂)မဂ္ဂါဝပ်၊ စုစုပေါင်း(၁၀၉၆)မဂ္ဂါဝပ်ခန့်သာသုံးစွဲနိုင်ခဲ့ရာမှ ၂၀၁၈ ခုနှစ် တွင် Residential& Commercial (၁၂၇၈) မဂ္ဂါဝပ်၊ Industrial (၂၇၀)မဂ္ဂါဝပ်၊ စုစုပေါင်း(၁၅၄၈) မဂ္ဂါဝပ်အထိ တိုးတက်သုံးစွဲလာနိုင်ခဲ့ပါ ကြောင်း၊လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ပေါင်း (၂၁)မြို့သည် လျှပ်စစ်မီးရရှိသုံးစွဲနေပြီး ကျေးရွာပေါင်း (၂၁၄၃)ရွာရှိသည့်အနက် (၁၀၆၉)ရွာကို ဓာတ် အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေး နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကျန်ရှိသည့်ကျေးရွာများအနက် ကျေးရွာ ပေါင်း(၁၆၆)ရွာ ဓာတ်အားရရှိရေးကို ပြည်ထောင်စုဘဏ္ဍာငွေ၊ တိုင်းဒေသကြီးအစိုးရဘဏ္ဍာငွေ၊ World Bank ၊ ADB ၊ JICA စသည့်အဖွဲ့အစည်းများ၏ချေးငွေများဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အတွင်းပြီးစီး အောင်ဆက်လက် အကောင်အထည်ဖော် တည်ဆောက်လျက်ရှိပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများအပေါ် ပြည်သူတစ်ရပ်လုံးမှလည်း အားသွန်ခွန်စိုက် ပူးပေါင်းပါဝင် ကူညီ ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့မှ ဓာတ်အားခွဲရုံအကောင်အထည် ဖော်ဆောင်ရွက်ပေးခဲ့မှု အခြေအနေများနှင့်ပတ်သက်၍ ဂုဏ်ပြုအမှာစကားများပြောကြားကြပြီး လှိုင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဦးအောင်ကျော်ကျော်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

ထို့နောက် ၆၆/၁၁-၆.၆ ကေဗွီ၊ ၃၀ အမ်ဗွီအေ လှိုင်တက္ကသိုလ် Gas Insulated Switchgear (GIS) ဓာတ်အားခွဲရုံ ဖွင့်ပွဲအထိမ်းအမှတ် ဖဲကြိုးအား တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ် ၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ လှိုင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးကျော်ကျော်ထွန်းနှင့် ဒေါ်ခိုင်မာဌေး၊ ရန်ကုန် တက္ကသိုလ် ဆရာများသမဂ္ဂမှ ဥက္ကဋ္ဌဒေါက်တာ ထွန်းထွန်းနိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်သည်။
၎င်းနောက် ၆၆/၁၁-၆.၆ ကေဗွီ၊ ၃၀ အမ်ဗွီအေ လှိုင်တက္ကသိုလ် Gas Insulated Switchgear (GIS)ဓာတ်အားခွဲရုံ၏ ကမ္ဗည်းမော်ကွန်းကျောက်စာအား လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း တို့မှ စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေး နံ့သာရည်များ ပက်ဖျန်းပေးကာ ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
(သတင်းစဉ်)



