တောင်သာ ၂၁  ဧပြီ

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် မကြီးချိုကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ်သိန်း ၃၀ဝဖြင့် မိသားစု ဝင်ငွေတိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စန်းစန်းမြင့်နှင့် ဝန်ထမ်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မကြီးချိုကျေးရွာ မြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များက စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ အခြား အသက်မွေးဝမ်းကျောင်းလုပ်ငန်းတို့၏ ငွေစာရင်းစာအုပ်များ စနစ်တကျ ရေးသွင်းထားမှု ရှိ၊ မရှိနှင့် မြေပြင်တွင် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ အောင်မြင်ထွန်းမှု ရှိ၊ မရှိအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးက အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ရေရှည်တည်တံ့စေရန်အတွက် လိုအပ်သည်များ ပြောကြားခဲ့ပြီး မကြီးချိုကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

 

မင်းမြင့်မိုရ်(ငါန်းဇွန်)