ညောင်ဦး ၂၁ ဧပြီ
၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ National Electrification Plan (NEP) စီမံကိန်းဖြင့် ကျေးရွာ(၆)ရွာအား ကျေးရွာ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ဧပြီ ၂၀ ရက်၊ နံနက် ၈ နာရီက ညောင်ဦးမြို့နယ် မဲဆန္ဒနယ်မြေ(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင် ၊ MESC မှ တာဝန်ရှိသူများ၊ တင်ဒါအောင်မြင်သည့် Thu Han Si Co.ltd မှ တာဝန်ခံ ဦးမျိုးမင်းမျိုးနှင့် ဝန်ထမ်းများ၊ ညောင်ဦးမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ ဒုတိယမြို့နယ်လျှပ်စစ်မန်နေဂျာ ဦးဝင်းထိန်နှင့် ဝန်ထမ်းများအဖွဲ့က မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ခွင့်ရရှိသည့် ကျေးရွာများသို့ သွားရောက်ပြီး မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ NEP စီမံကိန်းဖြင့် ညောင်ဦးမြို့နယ်အတွင်း ပထမအဆင့် ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ခွင့် ရရှိသည့်ကျေးရွာများမှာ ညောင်ဦးမြို့နယ် ရေတွင်းညောင်ပင်ကျေးရွာ၊ ချောက်ကန်ကျေးရွာ၊ လက်ပံတဲကျေးရွာ၊ မြောင် ကျေးရွာ ၊ ယမ်းစမ်းကျေးရွာနှင့် ရွာသာအေးကျေးရွာတို့ဖြစ်ပြီး ၊ ယင်းနေ့ နံနက်ပိုင်းက မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ညောင်ဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်နှင့် တာဝန်ရှိသူများအဖွဲ့က မီးလင်းရေး လုပ်ငန်း ဆောင်ရွက်ခွင့်ရရှိသည့် ကျေးရွာများအလိုက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာမီးလင်းရေးကော်မတီများနှင့် တွေ့ဆုံ၍ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်၊ ပထမအဆင့် NEP စီမံကိန်းဖြင့် ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်းပြီး လုပ်ငန်းအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာနေပြည်သူများမှ ဝိုင်းဝန်းပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်ရေး ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်းအတွက် ဓာတ်အားလိုင်းစိုက်ထူခြင်း၊ ဓာတ်အားလိုင်းကြိုးများ သွယ်တန်းခြင်းနှင့် လျှပ်စစ်ထရန်စဖော်မာ တည်ဆောက်မည့် လုပ်ငန်း မြေနေရာအား မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်၊ NEP စီမံကိန်းဖြင့် ပထမအဆင့် ကျေးရွာလျှပ်စစ်မီးလင်းရေး ဆောင်ရွက်ခွင့်ရရှိသည့် ညောင်ဦးမြို့နယ် ရေတွင်းညောင်ပင်ကျေးရွာ၊ ချောက်ကန်ကျေးရွာ၊ လက်ပံတဲကျေးရွာ၊ မြောင်ကျေးရွာ ၊ ယမ်းစမ်းကျေးရွာနှင့် ရွာသာအေးကျေးရွာတို့တွင် ကျေးလက်နေပြည်သူများ ၂၄ နာရီ လျှပ်စစ်မီးအသုံးပြုနိုင်ရေးအတွက် ၁၁/ဝ.၄ ကေဗွီ ၂၀ဝ ကေဗွီအေ ထရန်စဖော်မာ ၄ လုံး ၊ ၁၁/ဝ.၄ ကေဗွီ ၁၀ဝ ကေဗွီအေ ထရန်စဖော်မာ ၁ လုံး နှင့် ၁၁ ကေဗွီ ဓာတ်အားလိုင်း အရှည် ၁၂ မိုင် တည်ဆောက်ပေးသွားမည်ဖြစ်ပြီး ၊ အဆိုပါ ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက ကျေးရွာ(၆)ရွာမှ စုစုပေါင်း အိမ်ထောင်စု ၃၆၂၆ စုမှ လူဦးရေ ၇၂၅၂ အား ၂၄ နာရီလျှပ်စစ်မီး အသုံးပြုခွင့်ရရှိစေမည့်အပြင် ကျေးရွာ၏ လူမှုရေး ၊ စီးပွားရေး ၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် များစွာ အကျိုးပြုပေးနိုင်မည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ ဒုတိယမြို့နယ်လျှပ်စစ်မန်နေဂျာ ဦးဝင်းထိန် ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


