ပြည် ၂၁ ဧပြီ
ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် မြို့ပေါ်ရပ်ကွက်များအတွင်း ရွေ့လျားကွန်ပျူတာဓာတ်မှန်စက်ကြီးများဖြင့် အခမဲ့ တီဘီရောဂါရှာဖွေစစ်ဆေးခြင်းနှင့် ကုသခြင်းလုပ်ငန်းများကို ဧပြီ ၂၂ ရက်မှ ၂၄ ရက်ထိ ကွင်းဆင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဧပြီ ၂၂ ရက်တွင် ရွှေတံခါးရပ်ကွက် အပိုင်း(၄)ဓမ္မာရုံ၌လည်းကောင်း၊ ဧပြီ ၂၃ တွင် ရွာဘဲရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ သာသနာ့ဒီပါရုံကျောင်းတိုက်ရှိ ဗိမာန်ကျောင်းဆောင်၌လည်းကောင်း၊ ဧပြီ ၂၄ တွင် နဝဒေးရပ်ကွက် ခမ်းရတနာ ဘုန်းတော်ကြီးကျောင်း၌လည်းကောင်း နေ့စဉ်နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအထိ တီဘီရောဂါ စစ်ဆေးခြင်းနှင့် ကုသမှုများကို အခမဲ့ဆောင်ရွက်မည် ဖြစ်သည်။
တီဘီရောဂါရှိသူများ၊ ရက်သတ္တ နှစ်ပတ်ကျော် ချောင်းဆိုးနေသူများ၊ အစားအသောက်ပျက် ကိုယ်အလေးချိန်ကျနေသူများ၊ ညဘက်ချွေးထွက်ပြီး ဖျားနေသူများ၊ ကျောနှင့်ရင်ဘတ်အောင့်နေသူများ၊ ဆီးချိုရောဂါရှိသူများ၊ အရက်စွဲနေသူများ၊ တီဘီလူနာနှင့် အနီးကပ်နေထိုင်သူများ အခမဲ့ လာရောက်စစ်ဆေးကုသမှု ခံယူနိုင်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကျန်းမာရေး ကွင်းဆင်းစစ်ဆေးခြင်းကို တိုင်းဒေသကြီး တီဘီရောဂါတိုက်ဖျက်ရေးအဖွဲ့၊ ခရိုင်တီဘီရောဂါ တိုက်ဖျက်ရေးအဖွဲ့နှင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
မျိုးကျော်ကြီး(ပြန်/ဆက်)


