မြဝတီ ၂၁ ဧပြီ
ကရင်ပြည်နယ် မြဝတီမြို့၌ ရောက်ရှိနေသည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ယနေ့နံနက်ပိုင်းတွင် မြဝတီခရိုင်အတွင်းရှိ လေးကေ့ကော်မြို့သစ် ထီးမယ် ဝါခီးကျေးရွာရှိ ဒေသခံပြည်သူများ နှင့်တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက မိမိအနေဖြင့် လွှတ်တော်ရပ်နား သည့်ကာလများတွင် ယခုကဲ့သို့ ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် ပြည်သူများ၏ ရင်တွင်း ခံစားမှုများနှင့် အခက်အခဲများကို တတ်စွမ်းနိုင်သမျှ ကူညီဖြေရှင်းပေးသွားမည်ဖြစ်ပါကြောင်း။
မိမိတို့ လွှတ်တော်၏ အဓိက တာဝန်မှာ ဥပဒေပြုရေးဖြစ်သော်လည်း အုပ်ချုပ်ရေး နှင့် တရားစီရင်ရေး ကဏ္ဍတို့ကို ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ အပြန်အလှန်ထိန်းကျောင်း ရပါကြောင်း၊ သို့မှသာ ပြည်သူများ လိုလားသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ တွေ့ဆုံချိန်တွင် ဒေသခံပြည်သူများ အနေဖြင့် အခက်အခဲများ၊ အကြံပြုချက်များနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ပွင့်ပွင့် လင်းလင်း တင်ပြဆွေးနွေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒေသခံပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် သောက်သုံးရေရရှိရေး စသည့်အခက်အခဲများကို တင်ပြကြရာ ဌာနဆိုင်ရာတာဝန်ရှိများက သက်ဆိ်ုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက လိုအပ်ချက်ကို သိရှိမှသာ အခက်အခဲ များကို ဖြေရှင်းဆောင်ရွက်ရာတွင် လွယ်ကူနိုင်မည်ဖြစ်ကြောင်း၊ အကြံပြုချက်များကို မှတ်သား၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌသည် လေးကေ့ကော်မြို့ စာကြည့်တိုက် အတွက် စာအုပ်၊ စာစောင်များကို စာကြည့်တိုက် တာဝန်ခံထံ ပေးအပ်လှူဒါန်းပြီး ဒေသခံ ပြည်သူများအား ရင်းနှီးနှီးနှုတ်ဆက်သည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသည် လေးကေ့ကော်မြို့သစ်အတွင်းရှိ လေးကပေါ် ရေတံခွန်အပန်းဖြေ စခန်းနှင့် စိုက်ပျိုးရေးခြံတို့ကို လှည့်လည် ကြည့်ရှုသည်။
သတင်း - မောင်စိန်လွင်၊ ဓာတ်ပုံ - မင်းထက်


