နေပြည်တော် ၂၁ ဧပြီ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် ဧပြီ (၂၀) ရက် မွန်းလွဲပိုင်းက လားရှိုးခရိုင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှူးရုံး၌ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် တိရစ္ဆာန်မှ ထွက်ရှိသော ထုတ်ကုန်များသည် သတ်မှတ်စံ ချိန်စံညွှန်းများနှင့် ညီညွတ်စွာ စားသုံးသူ ဘေးကင်းလုံခြုံမှုရှိရန်၊ သွင်းကုန်အစားထိုး ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ ပို့ကုန်မြှင့်တင်ရေး ကြိုးစားဆောင်ရွက်ရန်၊ ကုန်ကြမ်းမှ ကုန်ချောသို့ ထုတ်လုပ်နိုင်ရေး တိုးချဲ့ဆောင်ရွက်ရန်၊ နယ်စပ်ဖြတ်ကျော် ရောဂါများအား ဂရုစိုက်ကာကွယ်ရန်၊ ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးမှာကြားသည်။
ယင်းနောက် ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာခင်အောင်က ဌာန၏ လုပ်ငန်းဆောင်ရွက် ထားရှိမှုများနှင့် ညွှန်ကြားရေးမှူး ဒေါက်တာလှလှမွန် က တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း၏ လုပ်ငန်း အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လားရှိုးခရိုင် မွေးမြူရေးနှင့်ကုသ ရေးဦးစီးဌာန တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေ အနေများကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် လားရှိုးမြို့နယ်၊ နောင်ဖော့ ကျေးရွာအုပ်စု၊ လွယ်လမ့်ကျေးရွာရှိ "ရွှေကောင်းကင် Livestock Development Co., Ltd." ၏ အစာစပ်စက်ရုံနှင့် “မြန်မာ့ရွှေဧရာပြောင်းအခြောက်ခံစက်ရုံ” များသို့ ရောက်ရှိ ကြပြီး စက်ရုံအတွင်းလှည့်လည်ကြည့်ရှု အားပေးသည်။
ထို့နောက် ဒေသခံ တိုင်းရင်းသားတောင်သူများ၊ စက်ရုံတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ တိရစ္ဆာန်အစာများကို ပြည်တွင်း၌ ပြည့်စုံဖူလုံစွာ ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးထုတ်လုပ်သူများနှင့် လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များအား ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


