ရန်ကုန် ၂၁ ဧပြီ

 

အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်၊ သတင်းစာဆရာ၊ စာရေးဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ငါးနှစ်ပြည့် အောက်မေ့ဖွယ် ဂုဏ်ပြုအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ (သီရိခန်းမ) ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုပြီး ရှစ်လေးလုံး အရေးတော်ပုံကြီးနှင့်တကွ ဒီမိုကရေစီအရေးတော်ပုံအဆက်ဆက်တွင် အသက်ပေးလှူသွားခဲ့ကြသည့် ရဟန်းရှင်လူ ကျောင်းသား ပြည်သူအပေါင်းတို့နှင့် မြန်မာ့နိုင်ငံရေး မီးရှုးတန်ဆောင် ဟံသာဝတီ ဦးဝင်းတင်အား အောက်မေ့သတိရဂုဏ်ပြုသောအားဖြင့် ရှစ်စက္ကန့်ငြိမ်သက်ကြသည်။

 

ထို့နောက် ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ အတ္ထုပ္ပတ္တိ အကျဉ်းနှင့် ကွယ်လွန်ခြင်းငါးနှစ်ပြည့် အခမ်းအနားကျင်းပရခြင်းတို့ကို ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတို့က ရှင်းလင်း ဖတ်ကြားသည်။

 

ယင်းနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ဂုဏ်ပြုအမှတ်တရ စကားပြောကြားပြီး ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း နာယက အဖွဲ့ဝင် ဦးမောင်မောင်ခင် နှင့် တက်ရောက်လာကြသူများက ဂုဏ်ပြုအမှတ်တရ စကားများပြောကြားကာ ဂုဏ်ပြု ကဗျာရွတ်ဆိုကြသည်။

 

ဆက်လက်၍ အခမ်းအနားသို့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် အဖွဲ့အစည်းများမှ ပေးပို့သည့် သဝဏ်လွှာများကိုဖတ်ကြားပြီး မှတ်တမ်းတင်သည်။

 

အဆိုပါ အခမ်းအနားကို ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းက ကြီးမှူး၍ ကျင်းပခြင်းဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ စာပေအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များ၊  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၊ ဖိတ်ကြားထားသူများနှင့် ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို ချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။

 

မွန်းလွဲပိုင်းတွင် အခမ်းအနားသို့ တက်ရောက်လာကြသူများက မင်္ဂလာဒုံမြို့နယ်၊ ရေဝေးသုသာန်ရှိ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် အုတ်ဂူသို့ သွားရောက်ကာ ဂါရဝပြုကြသည်။ အလားတူ ယနေ့နံနက်ပိုင်းက ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ငါးနှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားများအဖြစ် ဗဟန်းမြို့နယ်၊ သာသနာ့ရိပ်သာလမ်း၊ မဟာစည်သာသနာ့ရိပ်သာ ၁၆ တွင် ဆွမ်းကျွေး အလှူကို လည်းကောင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ အမှတ် (၁၁)၊ ဟိုင်ဆင်ဒူးဝါးလမ်း၊ အမှတ်(၄၄၈) တွင် ကွယ်လွန်ခြင်း ငါးနှစ်ပြည့်နှင့် ဦးဝင်းတင်အိမ်(U Win Tin House) ဖွင့်ပွဲအခမ်းအနားကို ဆရာကြီး၏ မိသားစုဝင်များနှင့် တပည့်များက ကျင်းပခဲ့ကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး