ထားဝယ် ၂၁ ဧပြီ

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစဉ်ထာဝရငြိမ်းချမ်း သာယာဖွံ့ဖြိုးတိုးတက်စေရန် ရည်သန်လျက်  ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက ဦးဆောင်၍ နိုင်ငံတော်အကြီးအကဲများ၊ နိုင်ငံသူ၊ နိုင်ငံသားများ စုပေါင်း အင်အားဖြင့် တည်ထားကိုးကွယ်လျက်ရှိသော ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ကံ့ကော်ပန်းအဝိုင်းနီးရှိ ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် အမြင့် ၆ ပေ၊ အကျယ် ၅ ပေရှိ စကျင်ဗုဒ္ဓရုပ်ပွားတော်(၂)ဆူသည် မွန်ပြည်နယ်၊ ရေးမြို့ဘက်မှ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ မလွဲတောင် ဂိတ် သို့ ယနေ့နံနက် ၁၀း၃၀ နာရီတွင် ရောက်ရှိ၍ ဒေသစာရီလှည့်လည် ကြွချီအပူဇော်ခံခဲ့သည်။

 

ထိုနောက် စကျင်ဗုဒ္ဓရုပ်ပွားတော်(၂)ဆူသည် ကလိန်အောင်မြို့၊ မလွဲတောင်ဂိတ် မှ ထားဝယ်မြို့နယ်၊ ဘုရားကြီးသို့ ဒေသစာရီ လှည့်လည်ကြွချီ အပူဇော်ခံရာလမ်းတစ်လျှောက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိ်ုင်ရာ တာဝန်ရှိသူများနှင့် ဘုရားဂေါပကအဖွဲ့များ လိုက်ပါကြည်ညိုပြီး ဒေသခံပြည်သူများကလည်း ဖူးမြော်၍ လိုက်ပါလာသူများအား အအေးဖျော်ရည်များဖြင့် တည့်ခင်းဧည့်ခံ လျက်ရှိသည်။

 

ဆက်လက်၍ စကျင်ဗုဒ္ဓရုပ်ပွားတော်(၂)ဆူကို ဘုရားကြီးဝင်းအတွင်း၌ ပူဇော်ခံထားရှိရာ ရဟန်းရှင်လူ ဒေသခံ ပြည်သူများ လာရောက်ကြည်ညိုဖူးမြော်လျက်ရှိပြီး လောကမာရဇိန်ဘုရားကြီးမေတ္တာရိပ်အောက်၌ ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်များ နှင့်အတူ ဧပြီ ၂၂ ရက်နေ့အထိ အပူဇော်ခံ ထားရှိမည်ဖြစ် ကြောင်း သိရှိရသည်။

 

ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက  က ရဟန်းရှင်ပြည်သူများအား လောကမာရဇိန်ဘုရားကြီးဝင်းအတွင်း၌ ည ၇ နာရီခွဲခန့်တွင် တရားအလှူချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

 

တိုင်းဒေသကြီးပြန်/ဆက်

 

DSC0