မန္တလေး ၂၂ ဧပြီ
ရန်ကုန်မြို့တွင် ခေတ်အဆက်ဆက်က အသုံးပြုခဲ့သော ကင်မရာများကို ပြသနိုင်မည့် Yangon Camera Museum ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေကြောင်း ရှေးဟောင်းကင်မရာ စုဆောင်းသူ ဦးကျော်သက်မင်းက ပြောသည်။
မြန်မာနိုင်ငံတွင် ခေတ်အလိုက်၊ ဒေသအလိုက် တည်ထောင်ဖွင့်လှစ်ထားသည့် ပြတိုက်များ ရှိသော်လည်း ဘာသာရပ် တစ်ခုချင်းစီအလိုက် အခြေခံကျသော ပစ္စည်းများကို စုဆောင်းပြသထားသည့် ပြတိုက်များမှာ မရှိသလောက် နည်းပါးနေသည့်အတွက် ယခုလို ကင်မရာပြတိုက် ထူထောင်ခြင်းဖြစ်ကြောင်း သိရသည်။
‘ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ရှေးဟောင်းဓားတွေကို စုဆောင်းပြသထားတဲ့ ဓားပြတိုက်၊ သော့အမျိုးအစား ပေါင်းစုံနဲ့ မျက်မှောက်ခတ်အထိ အသုံးပြုခဲ့တဲ့ သော့တွေကို စုဆောင်းပြသထားတဲ့ သော့ပြတိုက်တွေ ရှိတယ်။ ကင်မရာပြတိုက်မှာ ဓာတ်ပုံပညာရပ်နဲ့ ဓာတ်ပုံ အနုပညာအတွက် မရှိမဖြစ် လိုအပ်တဲ့ ကင်မရာတွေ ဖြစ်ပေါ် တိုးတက်လာပုံကို ပြသဖို့ ရည်ရွယ်ထားပါတယ်’ ဟု ကင်မရာများကို စုဆောင်းထားသူ ဦးကျော်သက်မင်းက ပြောသည်။
ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ကင်မရာပြတိုက်များ ရှိသော်လည်း အာဆီယံဒေသတွင် မလေးရှားနိုင်ငံ ပီနန်ကျွန်းတွင်ရှိသည့် ပီနန်ကင်မရာပြတိုက် တစ်ခုသာရှိသည်။ Yangon Camera Museum တွင် ၁၇ ရာစုမှစ၍ ကမ္ဘာပေါ်တွင် ကင်မရာများကို စီးပွားဖြစ် စတင်ထုတ်လုပ်ခဲ့သည့် ကုမ္ပဏီများ၏ ပြောင်းလဲမှုများကို သရုပ်ဖော် ဇယားဖြင့် ပြသမည့်အပြင် လက်ရှိစုဆောင်းထားသော ရှေးဟောင်း ကင်မရာများကို အုပ်စုအလိုက် ထည့်သွင်း ပြသမည်ဖြစ်ကြောင်း သိရသည်။
ကင်မရာ အမျိုးအစားအလိုက် အလုပ်လုပ်ပုံ၊ ခေတ်အလိုက် ထင်ရှားကျော်ကြားခဲ့သော ကင်မရာ အမျိုးအစားနှင့် ၄င်းကင်မရာဖြင့် ရိုက်ကူးထားသော ဓာတ်ပုံများကို ပုံနှင့်တကွ ပြသမည်ဖြစ်ပြီး ဓာတ်ပုံခေတ်ဦး ကာလက အသုံးပြုခဲ့သော သစ်သားကင်မရာများကိုလည်း ပြသမည် ဖြစ်ကြောင်း သိရသည်။ ကင်မရာစုဆောင်းသူ ဦးကျော်သက်မင်းသည် ရှေးဟောင်းပစ္စည်းများ စုဆောင်းရသည်ကို ဝါသနာပါသူဖြစ်ပြီး ၂၀ဝ၄ ခုနှစ်နာက်ပိုင်းမှ စတင်ကာ ကင်မရာသီးသန့် စုဆောင်းခဲ့သူ ဖြစ်သည်။ ၎င်းစုဆောင်းထားသည့် ကင်မရာများအား ပြတိုက်ဖြင့် ပြသရန် ရည်ရွယ်ထားပြီး လက်ရှိအချိန်တွင် နေရာ အခက်အခဲရှိနေသေးကြောင်း သိရသည်။
"ရည်ရွယ်ချက်က ပြတိုက်အသေး လုပ်မယ်ဆိုပြီး စုဆောင်းခဲ့တာ။ လက်ရှိမှာ နေရာအခက်ခဲရှိ နေသေးတယ်။ စီးပွားရေး လုပ်ငန်းမဟုတ်တော့ အခန်းငှားပြီး မလုပ်နိုင်ဘူး။ အခန်းနေရာရဖို့ အရမ်းခက်ခဲတယ်'' ဟု ဦးကျော်သက်မင်း က ပြောသည်။
ပြတိုက်ပြုလုပ်ရန် နေရာရရှိပါက ကျောင်းသား ကျောင်းသူများအား အခမဲ့ လေ့လာခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
အိမို့မို့ခိုင်


