ရေတာရှည်  ၂၂ ဧပြီ

 

မြန်မာနိုင်ငံ (RESCUE)လူမှုကယ်ဆယ်ရေးအဖွဲ့ နိုင်ငံတကာ အဆင့်မီ အရေးပေါ် အသက်ကယ်သင်တန်း (၃/၂၀၁၉) ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး ဆွာမြို့ စက်ရုံပရိယတ္တိစာသင်တိုက် အောင်သိန္ဓိ ဆုတောင်းပြည့်ဘုရားကြီးဓမ္မာရုံ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

ဖွင့်ပွဲတွင် ဆွာမြို့ စက်ရုံကျောင်းတိုက် ဦးစီးပဓာန ဆရာတော်ကြီး၊ မြန်မာနိုင်ငံ လူမှုရေးအဖွဲ့ချုပ်(ဗဟို)မှ နာယက ဆရာတော်တို့က ဩဝါဒါစကားများမြွက်ကြားခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ရွှေ က “သဘာဝ ဘေးအန္တရာယ်များသည် မြန်မာနိုင်ငံတွင် သာမက၊ တစ်ကမ္ဘာလုံးတွင် ဖြစ်ပွားလျက်ရှိကြောင်း၊ နှစ်စဉ် ရေကြီးရေလျှံမှု၊ မီးလောင်မှုများ၊ ငလျင်လှုပ်ခတ်မှုများ၊ လေဘေးများ ဖြစ်ပေါ်ကြုံတွေ့လျက်ရှိပြီး ကြုံတွေ့လာရသည့် သဘာ၀ ဘေးအန္တရာယ်များကို တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များအပြင် ယခုကဲ့သို့ လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်များ၏ ပူးပေါင်း ကူညီဆောင်ရွက်မှုများသည် များစွာအရေးပါလျက်ရှိကြောင်း ပြောကြားသည်။

 

အဆိုပါ သင်တန်းသို့ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ နေပြည်တော်တို့မှ သင်တန်းသား၊ သင်တန်းသူ ၁၂၀ ကျော် တက်ရောက်ကြပြီး သင်တန်းကာလ ၉ ရက်အတွင်း ရေပြင်၊ မြေပြင်၊ တောင်တက် ဘာသာရပ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ သင်တန်းကို မြန်မာနိုင်ငံတွင် နှစ်စဉ်ကျရောက်လေ့ရှိသော သဘာဝဘေးအန္တရာယ်များ၊ ယာဉ်မတော်တဆမှုများကို အချိန်တိုအတွင်း အမြန်ဆုံး ထိထိရောက်ရောက် အရေးပေါ် ကူညီပေးနိုင်ရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

 

ကိုလွင်(ဆွာ)