ပုသိမ် ၂၂ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင်ရှိသော (သမိုင်းဝင်) ရွှေမုဌော မဟာစေတီတော်မြတ်ကြီးအား ကျပ်သိန်းပေါင်း တစ်သောင်းကျော်ခန့် အကုန်ကျခံပြီး လုံးတော်ပြည့် ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း ရွှေမုဌော မဟာစေတီတော်မြတ်ကြီး ဘုရားဂေါပက အဖွဲ့ဝင် ဦးတင်အောင်က ပြောခဲ့သည်။
စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို နိုင်ငံတော်သြဝဒစရိယ (သုဓမ္မာ) နယက ဆရာတော် အဂ္ဂမဟာပဏ္ဏိတ ဘဒ္ဒန္တဝိဿုတ ဦးဆောင်မှုဖြင့် ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ၂၀၁၈ ခုနှစ် သြဂုတ်လကစတင်ပြီး ဆောင်ရွက်ခဲ့ရာ ရွှေပြားကပ်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးနေပြီး လုပ်ငန်းတစ်ခုလုံး အနေဖြင့် ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ရေစက်သွန်းချ အလှူတော်မင်္ဂလာ အခမ်းအနားကို မေလ ဒုတိယ သီတင်းပတ်တွင် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေမုဌော မဟာစေတီတော်မြတ်ကြီး၏ ဉာဏ်တော်အမြင့်မှာ ၁၅၃ ပေရှိပြီး အထက်ငှက်ပျောဖူးတော်ကို ရွှေစင်ရွှေပြား (၈၇၅)ပြား၊ မြတ်ပါးရွှေဆိုင်း(၆၂၀ဝ)ကျော်ကို အသုံးပြုထားကြောင်းနှင့် ရွှေမုဌော စေတီတော်ကြီး၏ ထူးခြားချက်မှာ အခြားသောစေတီတော်ကြီးများနှင့်မတူဘဲ ထီးတော်ကို ရွှေထီးတော်၊ ငွေထီးတော်၊ ကြေးထီးတော် အဆင့်သုံးဆင့်ဖြင့် ပြုလုပ်ထားရှိကြောင်း ဘုရားဂေါပကများထံမှ သိရသည်။
အဆိုပါစေတီတော်မြတ်ကြီးကို ခရစ်တော်မပေါ်မီ ၃၀၅ ခုနှစ် သာသနာသက္ကရာဇ် ၂၃၉ ခုနှစ်တွင် မင်းသုံးပါးမှ စတင်တည်းထားကိုးကွယ်ခဲ့ကြကြောင်း၊ ယခုလုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ် လှူဒါန်းခြင်းကို ယနေ့အချိန်ထိ နှစ်ကြိမ်တိုင်ပြုလုပ်ပြီး ယခင်က ရွှေသင်္ကန်း ဆက်ကပ်ခြင်းကို လုံးတော်ပြည့် ဆောင်ရွက်ခြင်းမရှိဘဲ ဘုံအဆင့်လိုက်သာ ဆက်ကပ်ခဲ့ကြကြောင်း သိရသည်။
မင်းထွန်းဇော်(၁၂၆)


