တန့်ဆည် ၂၂ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၁၈ ခုနှစ်အတွင်း သဘာဝဘေးကြောင့် သီးနှံများ ပျက်စီးမှုအပေါ် ပြည်ထောင်စု၏ အရေးပေါ် ရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲကို ဧပြီ ၂၁ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်အဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်စိုးမင်းက သဘာဝဘေးကြောင့် သီးနှံများ ပျက်စီးမှုအပေါ် ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ ယခုလို ထောက်ပံ့ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၂)အုပ်စုမှ ၂၀၁၈ ခုနှစ် သဘာဝဘေးကြောင့် သီးနှံများ ပျက်စီးသွားသော တောင်သူ(၃၁)ဦး၏ လယ်ယာမြေ ၃၂ ဧကအတွက် ထောက်ပံ့ငွေကျပ် သိန်း(၈၀)ကို တာဝန်ရှိသူများက ကျေးရွာအုပ်စုမှ တောင်သူများထံသို့ ခွဲဝေပေးအပ်ခဲ့ကြောင်း သိရသည်။
ငြိမ်းမင်းထွန်း(တန့်ဆည်)


