ရန်ကုန် ၂၂ ဧပြီ
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံရှိ ဟိုတယ်များ အဆင့်အတန်းမြင့်မားစေရေးနှင့် ဝန်ဆောင်မှုအရည်အသွေး ပိုမိုတိုးတက်စေရန် ရည်ရွယ်ကျင်းပသည့် ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ Novotel Yangon Max ဟိုတယ်၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် က “ဟိုတယ်များ ဝန်ဆောင်မှုအဆင့်အတန်း မြင့်မားအောင်ဆောင်ရွက်ရန်နှင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန်အတွက် ယခုကဲ့သို့ UNWTO နှင့် နိုင်ငံတကာမှပညာရှင်များ ဖိတ်ခေါ်ကာ ဆွေးနွေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရှိ ဟိုတယ်များ အဆင့်အတန်းနှင့် အရည်အသွေး လိုအပ်ချက်များရှိပါက အကြံပြုပေးပါရန် မှာကြားထားပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဥပဒေအသစ်ကို ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါကြောင်း၊ ယင်းဥပဒေအရ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များကိုလည်း လုပ်ပိုင်ခွင့်များပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ခရီးသွားလာရေးကိစ္စရပ်များကို လွယ်ကူ ကောင်းမွန်စေရန် အချိန်တိုတိုအတွင်း လုပ်ငန်းများ ပြီးမြောက်အောင် ဥပဒေအသစ်တွင် ပြဋ္ဌာန်းထားပါကြောင်း၊ ဝန်ကြီးဌာနသည် ရေရှည်တည်တံ့သည့် ခရီးသွားလုပ်ငန်း ဖြစ်စေရေး၊ ဝန်ဆောင်မှု ကောင်းမွန်စေရေး၊ Human Resource Development အတွက် HR သင်တန်းများ လိုအပ်သည့်နေရာများတွင် ဖွင့်လှစ်ပေးနိုင်ရေးအတွက် ဝန်ကြီးဌာနက လိုအပ်သည့်မူဝါဒနှင့် ပံ့ပိုးမှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲသည် ဟိုတယ်လုပ်ငန်းများအတွက် လိုအပ်သည့် အရည်အသွေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားသွားမည်ဖြစ်သဖြင့် အကျိုးရှိသည့် ဆွေးနွေးပွဲတစ်ခုဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင် မျိုးမင်းဒင်က ယခုကဲ့သို့ နိုင်ငံတကာမှပညာရှင်များ ဖိတ်ခေါ်ကာ မြန်မာနိုငိငံရှိ ဟိုတယ်များ ဝန်ဆောင်မှုအရည်အသွေး တိုးတက်စေရေး ဆောင်ရွက်ပေးသည့်အတွက် ဝန်ကြီးဌာနကို ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် ဆွေးနွေးပွဲ ဖြစ်ပေါ်လာခြင်းနှင့် ဆက်လက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ကျွမ်းကျင်ပညာရှင် ဂရိနိုင်ငံသား Dr. DimitrisKoutoulas က ဟိုတယ်များ၏ အရည်အသွေးမြှင့်မားရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်၊ မိုတယ်-အင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)


