သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်မည့် စီးပွားရေးသံမှူးများနှင့် ယနေ့ နံနက် ၁ဝ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် သစ်တောကဏ္ဍ၊ သတ္တုကဏ္ဍများ၏ ရေရှည်ရည်မှန်းချက်များတွင် ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံး ဖြစ်စေရေးအတွက် ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံး လုပ်နည်းများ၊ မြန်မာ့သစ်နှင့်သစ်တောထွက်ပစ္စည်းများ ဥရောပဈေးကွက် အပါအဝင် နိုင်ငံတကာ ဈေးကွက်၌ တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် Forest Law Enforcement, Governance and Trade FLEGT လုပ်ငန်းစဉ်များ၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းနှင့် သတ္တုတူးဖော်ရေး လုပ်ငန်းများတွင် ပုဂ္ဂလိကလုပ်ငန်းများမှ နိုင်ငံတော်နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်သည့် ကိစ္စရပ်များ၊ ပြည်ပရင်းနှီးမြှုပ်နှံမှု တိုးတက်ရရှိရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာ ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်မည့် စီးပွားရေးသံမှူးများမှ သိရှိလိုသည်များအား ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


