ကျောက်ဖြူ   ၂၂   ဧပြီ

 

ရေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၁၉)နှင့် ရေကြောင်းလူငယ်တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၁၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ကျောက်ဖြူမြို့နယ်၊ ဓညဝတီရေတပ်ဌာနချုပ်၊ (၅၀ဝ)ဆံ့ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဓညဝတီရေတပ်ဌာနချုပ်မှ အရာရှိ      စစ်သည်နှင့် ရဲမေများ၊ ခရိုင်/မြို့အနယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းသား/သူများနှင့် မိဘများ စုစုပေါင်း ၃၀ဝ တက်ရောက်ခဲ့သည်။

 

mdn

 

အခမ်းအနားကို ဓညတတီရေတပ်ဌာနချုပ်မှူး ဗိုလ်မှူးကြီး အေးမင်းထွေးက သင်တန်းဖွင့်ပွဲ အဖွင့်မိန့်ခွန်းပြောကြားရာတွင် “ နိုင်ငံတကာမှာ ပင်လယ်ရေကြောင်း ပို့ဆောင်ရေးကဏ္ဍသည် ကမ္ဘာ့ကုန်သွယ်ရေး၊ ကုန်စည်ထုတ်လုပ် ပို့ဆောင်ရေး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် လွမ်းမိုးကြီးစိုးနေဆဲ  ဖြစ်ပါကြောင်း၊ ရေကြောင်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး၊ ကာကွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး အဓိကကျပြီး နိုင်ငံတာဝန်ထမ်းဆောင်ရာတွင် အထူးအရေးပါကြောင်း၊ နိုင်ငံတော်မှလည်း ရေကြောင်းပညာရပ်များအား စိတ်ပါဝင်စားသော လူငယ်လူရွယ်များကို ယခုလိုသင်တန်းတွေ နှစ်စဉ်ပို့ချ ပေးလျက်ရှိပါကြောင်း၊ ရေကြောင်းပညာ အခြေခံပညာရပ်များကို လူငယ်လူရွယ်များ စိတ်ပါဝင်စားပြီး အခြေခံပညာရပ်များအား ကျွမ်းကျင်တတ်မြောက်စေရန်၊ ခေတ်မီနိုင်ငံတော် တည်ဆောက်ရာမှာ  ရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းတိုးတက်မြင့်မားရေးဟာ အရေးပါကြောင်းကို လူငယ်လူရွယ်များသိရှိ နားလည်စေရန်၊ စိတ်ဓာတ် စည်းကမ်းနှင့် ကိုယ့်လက်ကြံ့ခိုင်မှု ရှိစေရန်၊ နွေရာသီ ကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိအောင် အသုံးချတတ်စေရန် ရည်ရွယ် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထိုနောက် သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာကြသော ကျောက်ဖြူခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသန်းထွဋ်ဦး၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးစိုးမိုးကျော်၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းသား/သူများ၊ မိဘများက ပြခန်းအား လေ့လာကြည့်ရှုခဲ့ကြပြီး၊ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ 

 

mdn

 

အဆိုပါသင်တန်းသို့ ရခိုင်ပြည်နယ်အတွင်းရှိ စိတ်ပါဝင်စားသူ ကျောင်းသား(၂၇)ဦး၊ သင်တန်းသူ (၂၃)ဦး၊  စုစုပေါင်း (၅၀) ဦးတက်ရောက်ကာ သင်တန်းကာလမှာ ရက်သတ္တပတ်သုံးပတ် သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

ဖြိုးဝေလင်း(ပြန်/ဆက်)