ရန်ကုန် ၂၂ ဧပြီ
အိုင်ဗရီကို့စ်နိုင်ငံတွင် စားသုံးရန်မသင့်ဟုဆိုကာ မြန်မာ့ဆန်များ ဖျက်ဆီး ခြင်းခံရသည့် ကိစ္စနှင့်စပ်လျဉ်းပြီး မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ စိစစ်လေ့လာ တွေ့ရှိချက်များ ၊ ဖြစ်စဉ် အကြောင်းအရာများအပေါ် သတင်းမီဒီယာနှင့်တွေ့ဆုံ ရှင်းလင်း ပွဲကို ယနေ့ ညနေ ၃ နာရီက ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ကုန်သည် စက်မှုအသင်းချုပ်ရုံး မင်္ဂလာခန်းမ တွင် ပြုလုပ်သည်။


အဆိုပါ တွေ့ဆုံရှင်းလင်းပွဲတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးရဲမင်းအောင်က '' လတ်တလော ဖြစ်ပေါ်နေတဲ့ ကိစ္စအပေါ် အားလုံး သိရှိသင့်တာတွေ သိရှိအောင် အပြည့်အစုံ စုံစမ်း စစ်ဆေးတဲ့ ကိစ္စကတော့ မပြီးသေးပါဘူး။ ဘက်ပေါင်းစုံကနေ စုံစမ်းစစ်ဆေးနေတဲ့ အနေအထားပဲရှိပါသေး တယ်။ စုံစမ်းစစ်ဆေးတဲ့ကိစ္စ မပြီးသေးတဲ့အနေ အထားမှာ ရရှိထားတဲ့ အချက်အလက်တွေကို အမြန်ဆုံး ပြည်သူတွေရော စိတ်ဝင် စားတဲ့အဖွဲ့ အစည်းတွေအားလုံး သိရှိဖို့အတွက် သတင်းမီဒီယာရှင်းလင်းပွဲ ပြုလုပ်ရခြင်း ဖြစ်ပါတယ် '' ဟု ပြောသည်။
အာဖရိကတိုက်ရှိ အိုင်ဗရီကို့စ်နိုင်ငံသို့ မြန်မာဆန်များ တင်ပို့ခဲ့သည့် ကာလ အတွင်းမှာပင် အာဖရိကရှိ နိုင်ငံများသို့ မြန်မာဆန်တန်ချိန် တစ်သိန်းခွဲကျော် တင်ပို့ခဲ့ရကြောင်း လက်ရှိတွင်လည်း အခြားနိုင်ငံများသို့ ဆန်တင်ပို့နေမှုများ ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။
'' မြန်မာ့ဆန်အရည်အသွေးနဲ့ အခုဖြစ်တဲ့ကိစ္စနဲ့ ဘာမှမသက်ဆိုင်ပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ ဆန်စက်လုပ်ငန်းရှင်တွေ ၊ ဆန်ကုန်သည်တွေ ၊ဆန်ပြည်ပတင်ပို့တဲ့ သူတွေအား လုံးဟာ နိုင်ငံတကာအရည်အသွေး စံချိန်စံညွန်းကို တက်နိုင်သမျှ လိုက်လျှောညီထွေ ရှိအောင် ကိုက်ညီအောင် ကြိုးစားပြီးတင်ပို့နေပါတယ် '' ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးရဲမင်းအောင် ကပြောသည်။
မြန်မာနိုင်ငံတွင် ဆန်စပါး ထုတ်လုပ်မှု၏ ၈၀ရာခိုင်နှုန်းသည် ပြည်တွင်းတွင် စားသုံးပြီး ၂၀ ရာခိုင်နှုနး် ခန့်သာ ပြည်ပသို့ တင်ပို့နေကြောင်း ၂၀၁၇ - ၂၀၁၈ တွင် ဆန်တန်ချိန် သုံးသန်းကျော် ပြည်ပသို့ တင်ပို့နိုင်ခဲ့ပြီး ၂၀၁၈ - ၂၀၁၉ တွင် ဆန်တန်ချိန် ၂ ဒသမ ၃ သန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း ယနေ့ စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရသည်။
မြန်မာနိုင်ငံအနေဖြင့် အရည်အသွေးမြင့်သည့် ဆန်များကို ဥရောပနိုင်ငံ၊ ဂျပန်နိုင်ငံ နှင့် တစ်ခြားနိုင်ငံများသို့ တင်ပို့လျက်ရှိပြီး ပြည်တွင်းတွင် စားသုံးနေသည့် ဆန်များသည်လည်း အရည်အသွေးမြင့်ဆန်များဖြစ်သည့်အတွက် ပြည်တွင်းစားသုံး သူများအနေဖြင့် စားသုံးရာတွင် စိုးရိမ်စရာမရှိကြောင်း ဦးရဲမင်းအောင်က ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်းပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဌ ဦးအောင်သန်းဦးက အာဖရိက တိ်ုက်ရှိ အိုင်ဗရီကို့စ်နိုင်ငံတွင် ဖျက်ဆီးခံရသည့် မြန်မာဆန်များကို ရွှေဝါရောင်ကုမ္ပဏီ ၊ MEC ၊ဧရာဟင်္သာ ကုမ္ပဏီတို့မှ ရန်ကုန်အခြေစိုက် စင်ကာပူကုမ္ပဏီဖြစ်သည့် အိုလန် အင်တာနေရှင်နယ် ကုမ္ပဏီသို့ ရောင်းချခဲ့ကြောင်း MV Ocean Prince သင်္ဘောဖြင့် မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၂၂၀ဝ၀ကို တင်ဆောင်ခဲ့ပြီး ၂ လခွဲခန့် ကြာမြင့်ခဲ့ပြီးမှ ၂၀၁၈ခုနှစ် စက်တင်ဘာလ ၁၅ ရက်က ရန်ကုန်ဆိပ်ကမ်းမှ စတင်ထွက်ခွာခဲ့ကြောင်း။
ထို့နောက် အိန္ဒိယနိုင်ငံသို့ ဝင်ရောက်ကာ ဆန်တန်ချိန် ၁၄၀ဝ၀ ထပ်မံ တင်ဆောင်ခဲ့ကြောင်း၊၂၀၁၈ ခုနှစ် ဒီဇင်ဘလကုန်တွင် ဂီနီနိုင်ငံ Conakry ဆိပ်ကမ်း သို့ ရောက်ရှိ ခဲ့ပြီး ဆန်တန်ချိန် ၄၀ဝ၀ ချအပြီးတွင် ဆန်အလေးချိန်မပြည့်သည့် ပြသနာပေါ်ခဲ့ပြီး အရည်အသွေးစစ်သည့် ကုမ္ပဏီက လက်မခံခဲ့ကြောင်း၊ ကျန်အာဖရိက နိုင်ငံများသို့ ဆက်လက်ရောင်းချရာ ဂီနီနိုင်ငံတွင် ဖြစ်ခဲ့သည်များကို မီဒီယာများမှ တစ်ဆင့် သိရှိထားသည့်အတွက် လက်မခံခဲ့ကြောင်း၊ သို့ဖြစ်၍ မရောင်းရသည့် ဆန်များကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် အိုလန်းကုမ္ပဏီ ကိုယ်စားလှယ် များက ဖေဖော်ဝါရီ ၁၉ ရက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ လာရောက်တွေ့ဆုံခဲ့ရာ စီးပွားကူးသန်းဝန်ကြီးဌာနမှ Repair and Retum စနစ်ဖြင့် သွင်းကုန်ပါမစ်များ ချပေးခဲ့သော်လည်း မြန်မာနိုင်ငံသို့ ပြန်လည်တင်ပို့ခြင်းမရှိဘဲ အာဖရိကရှိ နိုင်ငံများသို့ လှည့်လည်ရောင်းချရာမှ ထိုကဲ့သို့ ဖျက်ဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
'' မြန်မာနိုင်ငံကနေ စက်တင်ဘာလကတည်းက ဆန်တင်တဲ့သင်္ဘော ထွက်သွားတယ်။ အာဖရိကနိုင်ငံတွေမှာ လှည့်ပတ်ပြီးတော့ ရောင်းချနေတဲ့ အနေအထားက ၁၀ လလောက် အချိန်ကြာသွားတယ်။ သင်္ဘောတင်နေတဲ့ အချိန်မှာလည်း မိုးရွာလိုက်တဲ့အတွက်ကြောင့် မိုးမိ သွားတဲ့အနေအထားလည်းရှိတယ်။ ထူးခြားတဲ့အနေအထားတစ်ခုကြောင့် ဖြစ်ရတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ ပင်လယ်ထဲမှာ ၉/၁၀ လလောက် သင်္ဘောအတွင်းမှာ ထားတဲ့ ဆန်အိတ်တွေဟာ ဘယ်လောက် ကောင်းတဲ့ဆန်ကိုဘဲ ထည့်ထားထည့်ထား အရည်အသွေးကောင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး '' ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌဦးရဲမင်းအောင် ကပြော သည်။
အဆိုပါ မြန်မာဆန်များဖျက်ဆီးခံရမှုကိစ္စနှင့်စပ်လျဉ်းပြီး မြန်မာနိုင်ငံဆန်စပါး အဖွဲ့ချုပ်၊ ဆန်တင်ပို့သူ၊ အရည်အသွေး စစ်ဆေးသည့်အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ ပါဝင်သည့် အစည်းအဝေးကို မကြာခင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ယနေ့စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။
ထို့ပြင် အာဖရိကတိုက်ရှိ အိုင်ဗရီကို့စ်နိုင်ငံတွင် မြန်မာ့ဆန်များ စားသုံးရန် မသင့်ဟု ဆိုကာ ဖျက်ဆီးခဲ့ခြင်းသည် မြန်မာ့ဆန်ကို နာမည်ပျက်စေသည့်အတွက် အဆိုပါ '' စားသုံးရန်မသင့်''ဆိုသည့် စကားလုံးအား ချေဖျက်ရန် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်အနေဖြင့် လုပ်ဆောင်နေကြောင်း ယနေ့ သတင်းမီဒီယာရှင်းလင်းပွဲ မှ သိရသည်။
'' ဒီဆန်ကို ဖျက်ဆီးဖို့ လိုလာပြီဆိုရင် ဝယ်သူတစ်ယောက်တည်းနဲ့ ဖျက်ဆီးလို့မရဘူး၊သက်ဆိ်ုင်ရာဝယ်လာတဲ့ ကုမ္ပဏီကို အကြောင်းကြားရမယ်၊ သက်ဆိုင်ရာ နိုင်ငံ၊ သံရုံးကို အကြောင်းကြားရမယ်၊ဒီလို အကြောင်းကြားမှုမရှိဘဲ ဖျက်ဆီးလိုက်တာဟာ ဖျက်ဆီးသူမှာ တာဝန်ရှိတယ်၊ ဒီအတွက် နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို တင်ပြပြီးတော့ မြန်မာ့ဆန်ကို စားသုံးရန်မသင့်ဆိုတဲ့ စကားလုံးကို ဖြေရှင်းပေးဖို့ တောင်းဆို သွားမှာဖြစ်ပါတယ်'' ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယ ဥက္ကဌ ဦးအောင်သန်းဦးကပြောသည်။
ယနေ့ သတင်းစာရှင်းလင်းပွဲသို့ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ ၊ ဆန်တင်ပို့ရောင်းချရာတွင် ပတ်သက်ဆက်နွှယ်သည့် ကုမ္ပဏီများ၊အသင်းအဖွဲ့များ ၊ သတင်းမီဒီယာများတက်ရောက်ခဲ့ကြောင်းနှင့် သတင်းမီဒီယာများမှ သိရှိလိုသည့် မေးခွန်းများအား မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများက ရှင်းလင်း ဖြေကြားခဲ့သည်။
(သတင်း-သီသီမင်း/မင်းသစ်၊ဓာတ်ပုံ-နေလင်း)


