ကျောက်ပန်းတောင်း ၂၃ ဧပြီ  

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊  ကျောက်ပန်းတောင်းမြို့နယ်၊ ကြက်မောက်တောင်ချောင်းအတွင်း သီးညှပ်စိုက်ပျိုးထားသည့် ကြက်တူရွေးပဲများ ရာသီဥတုပူပြင်းခြင်းကြောင့် ပဲသီးပေါ်ချိန်နောက်ကျနေကြောင်း၊ ကြက်တူးရွေးပဲသီးညှပ်စိုက် တောင်သူအချို့ ရေနိုင်အောင်မလောင်းနိုင်ကြသဖြင့် ပဲခင်းများ ပျက်စီးကုန်ကြောင်း သိရသည်။

 

အဆိုပါ ကြက်မောက်တောင်ချောင်းအတွင်း လဲဂွရွာ၊ လက်ပံ့အိုင့်ရွာ၊ ဆပ်ပြာကျင်းရွာ၊ ကုန်းတဲရွာ၊ ညောင်ဖြူရွာနှင့်မုန့်ကုန်းရွာများမှ ကြက်သွန်စိ်ုက်ပျိုးကြသည့် တောင်သူများအားလုံး ကြက်တူရွေးပဲသီး ညှပ်သီးထပ်စိုက်ပျိုးကြပြီး  တပေါင်းလ၊ တန်ခူးလ ကြက်သွန်နှုတ်ပြီးချိန်တွင် ပဲပင်များအား ပြန်လည် မြောင်းဖော် ဘောင်ခတ်ကာ ရေစတင် ပြန်လောင်းကြကြောင်း၊ ယခင်နှစ်များတွင် ကြက်သွန်နှုတ်ပြီး ၁၅ ရက်အတွင်း ပဲသီးပေါ်သော်လည်း ယခုနှစ်တွင် တစ်လကျော်ကြာသည်အထိ အဖူးအငုံအပွင့် မပွင့်သေးဘဲ ရှိနေကြောင်း၊ ချောင်းသဲမြေအတွင်း အထက်ပူ၊ အောက်ပူကြောင့် အပူရှိန်များကာ ကြက်တူရွေးပဲပင်များ အပွင့်မပွင့် နိုင်ခြင်းဖြစ်နိုင်ကြောင်း ဦးညိုမင်းက ပြောသည်။

 

“အရင်နှစ်တွေက ကြက်သွန်နှုတ်ပြီး ကြက်တူရွေး ပဲသီးပေါ်လျှင် တစ်ပိဿာ ၁၅၀ဝ ကျပ် ရောင်းရတော့ တွက်ခြေ အင်မတန်ကိုက်တယ်။ နှစ်ရက်တစ်ခါ သုံးရက်တစ်ခါ ဆွတ်ခူးရတော့ ရေလောင်းရတဲ့ ဓာတ်ဆီဖိုးနဲ့ယှဉ်ရင် အများကြီးမြတ်တယ်။ ဒီနှစ်ကတော့ အပူရှိန်ကြောင့် အပင်များ အတက်နှေးသလို ခုချိန်မှ အဖူးအပွင့် ပွင့်တုန်းဖြစ်တာကြောင့် ကြက်သွန်ခင်းထဲ သီးညှပ်သီးထပ်စိုက်ပျိုးထားကြတဲ့ တောင်သူတွေ   စက်ဆီဖိုးတောင် ပြန်မရဘူး ဖြစ်နေတယ်” ဟု  မုန့်ကုန်းကျေးရွာမှ တောင်သူတစ်ဦးက ပြောသည်။

 

အဆိုပါ ကြက်မောက်တောင်ချောင်းမှ ကြက်သွန်ခင်းဘောင်များပေါ် သီးညှပ်စိုက်ပျိုးထားသည့် ကြက်တူရွေး ပဲသီးပေါ်ချိန်ဆိုလျှင် ပဲခင်းထဲထိ နတ်မောက်မြို့၊ မကွေးမြို့၊ ကျောက်ပန်းတောင်းမြို့မှ ပဲသီးပွဲစားများ ကားဖြင့် လာကာ ဝယ်ယူကြကြောင်းနှင့် အချို့တောင်သူများမှာ ကျောက်ပန်းတောင်း မြို့မဈေးသို့ ကိုယ်တိုင်သွားရောက် ရောင်းချကြကြောင်း သိရသည်။ 

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)

 

ေေ