ဓနုဖြူ ၂၃ ဧပြီ
ဧရာဝတီတိုုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ အမှတ် (၁၀)ရပ်ကွက်ရှိ ပြည်တော်အေး၊ ပြာသာဒ်ကျောင်းတွင် ဓမ္မစကူးလ်သင်တန်းအား ဧပြီလ ၂၁ ရက်မှ ၂၂ ရက်အထိ နှစ်ရက်ကြာ ဖွင့်လှစ်ခဲ့သင်ကြားခဲ့ပြီး သင်တန်းဆင်းပွဲအား ယမန်နေ့ညက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့နယ်တွင် ဓမ္မစကူးလ်ကျောင်းများကို တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး သင်ကြားပေးကြသည့် ဆရာ ဆရာမများ သင်ကြားရေးတွင် ကျွမ်းကျင်ပိုင်နိုင်ပြီး ကလေးငယ်များ ပိုမိုနားလည်
သဘောပေါက်စေရန်အတွက် စွမ်းရည်မြှင့်သင်တန်းအား ဖွင့်လှစ်ခဲ့သင်ကြားခဲ့ကြောင်း၊ သင်တန်းသို့ ကျောင်းပေါင်း ၃၅ ကျောင်းမှ သင်တန်းသား၊ သင်တန်းသူ ၁၂၆ ဦး တက်ရောက်သင်ကြားခဲ့ကြကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် မြို့နယ် ဓမ္မစကူးလ် ဥက္ကဋ္ဌဆရာတော်၊ အတွင်းရေးမှူးဆရာတော်တို့မှ သြဝါဒစကားများ ချီးမြှင့်ပေးခဲ့ကြပြီး သင်တန်းနည်းပြ ဆရာ၊ ဆရာမများအား လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူ ၁၂၆ ဦးတို့အား ကြွရောက်လာကြသော ဆရာတော် သံဃာတော်များမှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အောင်သူဟိဏ်း(ဓနုဖြူ)


