ပြည် ၂၃ ဧပြီ
ယခုရက်ပိုင်းတွင် မြန်မာနိုင်ငံနေရာအနှံ့အပြား၌ အပူချိန်မြင့်တက်လျက်ရှိရာ ပြည်မြို့တွင်လည်း ပူပြင်းခြောက်သွေ့ပြီး ၄၂ဒီဂရီစင်တီဂရိတ်အထိ အပူချိန်များမြင့်မားနေ၍ အပူဒဏ်ကြောင့် ဘေးအန္တရာယ်များ မကျရောက်နိုင်ရေးအတွက် အထူးသတိပြုရမည့်အချက်များကို ပြည်သူများ သိရှိဆင်ခြင်နိုင်ရန် ပြည်ခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ဧပြီ ၂၂ရက်တွင် မြို့ပေါ် ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လိုက်လံအသိပညာပေး သတိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
ထိုသို့အသိပညာပေး သတိပေးနှိုးဆော်ရာတွင် အပူချိန်မြင့်မားသည့် နံနက် ၁၁ နာရီမှ ညနေ ၅ နာရီ အတွင်း လှုပ်ရှားသွားလာရာ၌ အပူဒဏ်ကာကွယ်နိုင်သည့် ထီး၊ ဦးထုပ်ဆောင်းပြီး အပူဒဏ်ကာကွယ်သည့် အဝတ်အစားများကို ဝတ်ဆင်ကြရန်၊ အပူဒဏ်ကာကွယ်နိုင်သည့် အမိုး၊ အကာနှင့် အဆောက်အဦအတွင်း နေထိုင်ကြရန်၊ မွန်းတည့် ၁၂ နာရီကျော်လျှင် ရေချိုးခြင်း မပြုလုပ်ကြရန်၊ နေအိမ်အတွင်း ရေစိုဝတ်များဖြင့်ပတ်၍ အိပ်စက်ခြင်း မပြုလုပ်ကြရန်၊ မိမိအိမ်တွင် သုံးစွဲလျက်ရှိသော မီးဖိုမီး၊ ဖယောင်းတိုင်မီး၊ အမွှေးတိုင်မီး၊ ခြင်ဆေးခွေမီး၊ လျှပ်စစ်မီး၊ ဂက်(စ်)မီး၊ ဆီမီးနှင့် လုပ်ငန်းသုံး မီးအမျိုးမျိုး၊ မီးစက်နှင့် ဆိုလာမီးတို့အား မီးလန့်မှု၊ မီးလောင်မှု မဖြစ်ပွားစေရေး အတွက် အထူးဂရုစိုက်ကြရန်၊ ကုန်ပစ္စည်းအမျိုးမျိုးနှင့် ဓါတုဗေဓပစ္စည်းများ သိုလှောင်သည့် နေအိမ်နှင့် ဂိုဒေါင်များတွင် လေဝင်လေထွက်စနစ်များ ကောင်းမွန်စွာဖြင့် စနစ်တကျသိုလှောင်ကြရန်၊ အမှိုက်များမီးရှို့ခြင်း၊ တောင်ယာစိုက်ခင်းများအား မီးရှို့ခြင်း လုံးဝမပြုလုပ်ကြရန်၊ မော်တော်ကား၊ ဆိုင်ကယ်၊ မီးရထား၊ ရေယာဉ်များမှ မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရေး အထူးဂရုပြုကြရန်၊ ရာသီဥတု အလွန်ပူပြင်းခြင်းကြောင့် ရောဂါဖြစ်ပွားခြင်း၊ လေပွေတိုက်ခတ်ခြင်း၊ မီးလောင်ခြင်းများ ဖြစ်ပွားတတ်ပါသဖြင့် မိဘပြည်သူများအနေဖြင့် အထူးအလေးထား ဆောင်ရွက်ကြရန် ပြည်ခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တပ်ဖွဲ့ဝင်များက လိုက်လံအသိပညာပေး နှိုးဆော်ခဲ့ကြသည်။
ပြည်မြို့၏ အမြင့်ဆုံး စံချိန်တင်အပူချိန်သည် ၂၀၁၀ ခုနှစ် မေလက ၄၄ ဒီဂရီစင်တီဂရိတ်ထိ ဖြစ်ကာ ယခုနှစ်ဧပြီနောက်ဆုံးပတ်တွင် ၄၂ ဒီဂရီ စင်တီဂရိတ်ကို ရောက်ရှိနေပြီး လက်ရှိအနေအထားအရ ဧပြီလကုန်ပိုင်းမှ မေလတွင်းအထိ အပူချိန်ဆက်လက်မြင့်တက်မည့် အလားအလာရှိနေ၍ ပြည်မြို့၏ အပူဆုံးစံချိန်အထိ ရောက်ရှိနိုင်သည်ဟု ပြည်မြို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားကြောင်းသိရသည်။
မျိုးကျော်ကြီး(ပြန်/ဆက်)


