နေပြည်တော် ၂၃ ဧပြီ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီး ဌာနသည် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ပြည်ပသို့ တရားဝင်တင်ပို့ရာတွင် မရှိမဖြစ် လုပ်ငန်းစဉ်တစ်ခုဖြစ်သော တိရစ္ဆာန်ရောဂါထိန်းချုပ်စောင့်ကြည့်စစ်ဆေးရေးစခန်း (Animal Quarantine Station)ကို ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့တွင် ဧပြီ ၂၂ ရက် နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

 

8032

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူနှင့် တာဝန်ရှိသူများသည် တိရစ္ဆာန်ရောဂါ ထိန်းချုပ် စောင့်ကြည့်စစ်ဆေးရေး စခန်း(Animal Quarantine Station) ဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်ဖွင့်လှစ်၍ စစ်ဆေးရေးစခန်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

 

ထို့နောက် ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက မွေးမြူသူတောင်သူများထိုက်သင့်သည့် အကျိုးအမြတ်ရရှိစေရန် နိုင်ငံတော်အစိုးရအနေဖြင့် ကျွဲ၊ နွားများ တရားဝင် တင်ပို့ရောင်းချနိုင်ရန် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ(၉)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၉/၂၀၁၇) ကို ထုတ်ပြန်ပြီး ခွင့်ပြု ပေးခဲ့ကြောင်း၊ ရောင်းလိုအားနှင့်ဝယ်လိုအားကိုအခြေခံပြီး ကျွဲ၊နွားများတရားဝင်တင်ပို့ ရောင်းချနိုင်ရန် စီမံဆောင်ရွက်ခြင်းနှင့်အတူ တစ်ဖက်တွင်လည်း တစ်နိုင်ငံမှ တစ်နိုင်ငံသို့ တိရစ္ဆာန်များကုန်သွယ်မှုပြုလုပ်ရာတွင် နိုင်ငံတကာစံနှုန်းနှင့်အညီလိုအပ်သည့် စစ်ဆေးမှု များကို ပြုလုပ်ပြီး ထိန်းသိမ်းစောင့်ကြည့်သွားခြင်းဖြင့် နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက် ရောဂါများကို ထိန်းချုပ်ရန် လိုအပ်လာသဖြင့် ယခုကဲ့သို့ တိရစ္ဆာန်ရောဂါထိန်းချုပ် စောင့်ကြည့်စစ်ဆေးရေးစခန်းကိုဖွင့်လှစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကျွဲ၊ နွားများ ပြည်ပ သို့ တင်ပို့ရောင်းချရာတွင် တိရစ္ဆာန်ရောဂါ ကူးစက် ပြန့်ပွားမှု မဖြစ်ပွားရလေအောင် မိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးပြီးဆောင်ရွက် ရမည့် လုပ်ထုံး၊ လုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ခြင်း၊ အမှတ်အသားတပ်ဆင် ပေးခြင်း၊ ကာကွယ်ဆေးထိုးပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ စစ်ဆေးပြီးကြောင်း ထောက်ခံချက်လက်မှတ်ထုတ်ပေးခြင်း၊ Animal Quarantine Certificate ထုတ်ပေးခြင်း စသည့် လုပ်ငန်းများကို ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်သည့်အတွက် ယခုကဲ့သို့ Animal Quarantine Station တည်ထောင် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါများကို ထိန်းချုပ်နိုင်ရန်အတွက် ကုန်သွယ် မှုပြုလုပ်နိုင်သော ကျွဲနွားများကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ တိရစ္ဆာန် ရောဂါ ထိန်းချုပ်စောင့်ကြည့်စစ်ဆေးရေးစခန်းတွင် ထိန်းသိမ်းထားရှိ၍ လိုအပ်သည့်စစ်ဆေးမှုများကို ပြုလုပ်သွားမည်ဖြစ်သည်။

 

ယင်းနောက် Bliss Myanmar International Co., Ltd. မှ တာဝန်ရှိသူများက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းအား တိရစ္ဆာန် ရောဂါထိန်းချုပ် စောင့်ကြည့်စစ်ဆေးရေး စခန်းဆိုင်ရာ အဆောက်အဦများနှင့် စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်သည်။

 

ဆက်လက်၍  တက်ရောက်လာကြသည့် ပြည်သူများက ဆွေးနွေးတင်ပြကြသည်များကို ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိရစ္ဆာန်ရောဂါထိန်းချုပ်စောင့်ကြည့် စစ်ဆေးရေးစခန်း (AQS) အတွင်းလှည့်လည်ကြည့်ရှုခဲ့သည်။

 

ယခုဖွင့်လှစ်သည့် တိရစ္ဆာန်ရောဂါထိန်းချုပ်စောင့်ကြည့် စစ်ဆေးရေးစခန်း၊ ကွတ်ခိုင်ကို  ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ Mini Budget အတွင်းဌာန၏ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီးလာမည့်ဘဏ္ဍာနှစ်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ တိရစ္ဆာန်ရောဂါထိန်းချုပ် စောင့်ကြည့်စစ်ဆေးရေး စခန်းတစ်ခုထပ်မံ တည်ဆောက်သွား မည်ဖြစ်ကြောင်း၊ ပြည်ပသို့ ကျွဲနွားတင်ပို့မှုများကြောင့် ပြည်တွင်းစားသုံး မှုပမာဏမထိခိုက် စေရေး၊ နိုင်ငံတွင်းရှိအရင်းအမြစ်များမကုန်ခမ်းစေရေးနှင့် ဈေးကွက် လိုအပ်ချက်နှင့် ကိုက်ညီသည့် မွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းလာစေရေးအတွက် ကျွဲ၊နွား များတိုးချဲ့ မွေးမြူစေရေး၊ မျိုးထိန်းမျိုးမြှင့်ရေး၊ အစာနှင့်စားကျက်လုံလောက်စေရေး၊ မေထုန်မဲ့ သားစပ်ခြင်းနှင့် သဘာဝသားစပ်လုပ်ငန်းများတိုးတက်စေရေးစသည့် လုပ်ငန်း ကဏ္ဍများကိုလည်း စနစ်တကျစီမံချက်များချမှတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

(သတင်းစဉ်)