ရန်ကုန်  ၂၃ ဧပြီ

 

ယခုနှစ်ပွင့်လင်းရာသီတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဝင်ရောက်မှု ယခင်နှစ်ထက် များပြားလျက်ရှိရာ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ရှိရာ ပုဂံတွင်လည်း အပူရှိန်မြင့်မားသည့်တိုင် နေ့စဉ်နိုင်ငံခြား ခရီးသွားဧည့်သည်များ ဝင်ရောက် လျက်ရှိကြောင်း သိရသည်။

 

“ မနှစ်ကထက် ခရီးသွားဝင်ရောက်မှုများတယ်။ နိုင်ငံခြားခရီးသွားတွေက ရန်ကုန်၊ မန္တလေး၊ အင်းလေး၊ ပုဂံ၊ ငွေဆောင်ကို အများဆုံး လာကြတယ်။ အခု ပုဂံမှာ ကားစင်းလုံးနဲ့ နေ့စဉ်ဝင်လာနေတာလည်း ရှိတယ်။ ဗီဇာကင်းလွတ်ခွင့်နဲ့ ဆိုက်ရောက် ဗီဇာဆိုပြီး ခရီးသွားကဏ္ဍမြှင့်တင်တာကြောင့် ပြည်ပခရီးသွားဧည့်သည် များလာတယ်လို့လည်း ဆိုရမှာပါ။ ခရီးသွားကဏ္ဍမြှင့်တင်ရေးကို အိမ်နီးချင်းနိုင်ငံတွေထက် ပိုပြီးဆွဲဆောင်နိုင်စေမယ့်အရာတွေ ဖန်တီးဖော်ဆောင် နိုင်မယ်ဆိုရင် လက်ရှိ ခရီးသွားဝင်ရောက်မှုထက်ပိုပြီး လာမယ့်နှစ်မှာ ဝင်ရောက်နိုင်မှာပါ” ဟု တရုတ်ဘာသာ ဧည့်လမ်းညွှန်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းစိုးဟန်က ပြောသည်။

 

တရုတ်နိုင်ငံမှ ပြည်မကြီး၊ ဟောင်ကောင်နှင့် ထိုင်ဝမ်ခရီးသွားများ အောက်တိုဘာလမှ စတင်၍ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကာ မတ်လတွင် ပုံမှန်လည်ပတ်မှု ရပ်နားလေ့ရှိ်သော်လည်း ဗီဇာကင်းလွတ်ခွင့်ရရှိသော နိုင်ငံများမှ ခရီးသွားများလည်း ဝင်ရောက်သည့်အတွက် ယခုနှစ်ပွင်းလင်းရာသီတွင် တောင်ပေါ်ဒေသနှင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တို့စုဝေးရာ ပုဂံတွင် နိုင်ငံခြားသား ခရီးသွားများ ယခင်နှစ်ထက်ပို၍ စည်ကားနေခြင်း ဖြစ်သည်။

 

ဧပြီလနှင့် မေလတွင် ပြည်ပခရီးသွားများ ဆက်လက်ဝင်ရာက်မည်ဖြစ်ရာ အိမ်နီးချင်းနိုင်ငံတို့မှ ခရီးသွားများ စင်းလုံးငှား ယာဉ်များဖြင့် အများဆုံး ဝင်ရောက်ကြမည်ဖြစ်၍ အခြေစိုက် ခရီးသွားပို့ဆောင်ရေးအဖြစ် မန္တလေး အခြေစိုက်ဖြစ်ပါက ပုဂံ၊ နေပြည်တော်၊ မန္တလေး (၄)ညအိပ် (၆)ရက်ခရီးနှင့် ရန်ကုန်အခြေစိုက်အဖြစ် ရန်ကုန်၊ ပဲခူး၊ ငွေဆောင်(၄) ညအိပ်(၆)ရက် ခရီးစဉ်အဖြစ် ကြိုတင်စီစဉ်ထားလျက်ရှိကြောင်း ခရီးသွားဝန်ဆောင်မှု လုပ်ငန်းတစ်ခုမှ သိရသည်။

 

နိုင်ငံတော်မှ ခရီးသွားလုပ်ငန်းဖြင့် နိုင်ငံခြားဝင်ငွေ နှစ်စဉ်ရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင်လည်း နိုင်ငံခြားသား ခရီးသွားများကို စွဲဆောင်စေမည့် မြန်မာမှုပစ္စည်းဆိုင်များနှင့် အခြားကဏ္ဍတို့ကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရတို့မှ ဖော်ဆောင်လျက်ရှိပြီး တောင်ပေါ်ရှုခင်းအလှနှင့် တိုင်းရင်းသားရိုးရာ အစားအစာ၊ အသုံးအဆောင်တို့ကို လေ့လာကြည့်ရှု လည်ပတ်ပြီးပါက ပြန်လည်ထွက်ခွာမည့် မြို့ကြီးများတွင်လည်း နိုင်ငံခြား ခရီးသွားများကို မြန်မာနိုင်ငံ၏ ရိုးရာယဉ်ကျေးမှု နေရာများနှင့် ဒေသအလိုက် လက်မှုပစ္စည်းမျိုးစုံတို့ကို ကြည့်ရှုလေ့လာ လျက်ရှိသည်။

 

ယခုနှစ်သည် ယမန်နှစ်ထက် အပူချိန်ပြင်းသော်လည်း ပုဂံဒေသသို့ နိုင်ငံခြားသားခရီးသွားများ အဆက်မပြတ် ဝင်ရောက်လျက်ရှိပြီး မေလတွင် ပိုမိုဝင်ရောက်လာမည်ဖြစ်ကြောင်း ပြည်ပခရီးသွားဝန်ဆောင်မှု လုပ်ငန်းများမှ သိရသည်။

 

သန်းထိုက်၊ ဓာတ်ပုံ-သန်းစိုး     

 

1