ရန်ကုန် ၂၃ ဧပြီ
ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်း၏ စီစဉ် ဆောင်ရွက်မှုဖြင့် ၂၀၁၄ ခုနှစ်မှစတင်၍ နိုင်ငံတစ်ဝန်း ရေရှားပါးသောဒေသများရှိ ပြည်သူများ သောက်သုံးရေရရှိရေးအတွက် စက်ရေတွင်းများ တူးဖော်လှူဒါန်းပေးခြင်း၊ ရေသယ်ယာဉ်များဖြင့် ရေဖြန့်ဝေပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ယခုအခါ ဖောင်ဒေးရှင်းပိုင် အင်္ဂလန်နိုင်ငံလုပ် Dando ရေတွင်းတူးစက်ကြီးများဖြင့် နိုင်ငံအတွင်းနေရာ ဒေသအနှံ့၌ တူးဖော်ပေးလျက်ရှိရာ ဧပြီ ၁၁ ရက်က စက်ရေတွင်း ၂၀၂ တွင်းမြောက်ဖြစ်သည့် ရှမ်းပြည်နယ် မြောက်ပိုင်း လာရှိုးမြို့ အမှတ် ၁၁ ရပ်ကွက်ရှိ စက်ရေတွင်းသည် အနက်ပေ ၄၈၀ အရောက်၌ တစ်နာရီလျှင် ရေဂါလန်ပေါင်း ၃၀ဝ၀ ကျော် အောင်ရေရှိပြီး ဒေသနေပြည်သူများ ရေကောင်းရေသန့်များ လုံလောက်စွာ သုံးစွဲနိုင်ပြီဖြစ်သည်။
ဆက်လက်၍ အောင်ပန်းမြို့ စိုက်ပျိုးရေးသုတေသနခြံနှင့် လားရှိုးမြို့နယ် ကောင်းကျဲအီ ကျေးရွာတို့တွင် ရေကောင်းရေသန့်ရရှိရေး တူးဖော်လျက်ရှိသည်။ ထို့အပြင် ရေလိုအပ်နေသော လယ်ဝေးမြို့နယ် ဒက္ခိဏသီရိရှိ ချမ်းမြေ့ကျောင်းတွင်လည်း ဆက်လက် တူးဖော်ပေးသွားမည်ဖြစ်သည်။
ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် ရေဂါလန် ၃၀ဝ၀ ဆံ့ ရေသယ်ယာဉ် ၄၇ စီး ဖြင့် နိုင်ငံတစ်ဝန်းရှိ ရေရှားပါးသောအရပ်ဒေသများတွင် ဒေသခံရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ လည်းကောင်း၊ လူမှုရေးပရဟိတအဖွဲ့များနှင့် ပူးပေါင်း၍လည်းကောင်း သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးလျက်ရှိရာ ရေရှားပါးပြီးအခက်အခဲဖြစ်နေသည့် ဒေသခံပြည်သူများ ဝမ်းမြောက်ပျော်ရွှင်လျက်ရှိသည်။ ယခု ဧပြီလအတွင်း ပုသိမ်ကြီးမြို့နယ် နှမ်းကြဲကျေးရွာအုပ်စု၊ ဟဲဟိုးမြို့နယ် ဆူပန်းအင်းကျေးရွာတွင်နှင့် တောင်ကြီးမြို့နယ် ဆွန်းလွန်းဘုန်းကြီးကျောင်းသို့ ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ လှူဒါန်းခဲ့သည်။
ရေရှားပါးသောဒေသများတွင် သန့်ရှင်းသော သောက်သုံးရေများ အဆင်ပြေလုံလောက်စွာ သုံးစွဲနိုင်စေ ရန် စက်ရေတွင်း ၂၀၂ တွင်း တူးဖော်ပေးခြင်း၊ ရေလှောင်ကန်များ ဆောက်လုပ်ပေးခြင်း၊ အိမ်တိုင်ရာရောက် ရေပိုက်များသွယ်တန်းပေးခြင်း၊ ရေသယ်ယာဉ် ၄၇ စီးကို နိုင်ငံတစ်ဝန်းရှိ ပရဟိတအသင်းများအား လှူဒါန်းပေး ခဲ့သည့်အပြင် ဖောင်ဒေးရှင်းထူထောင်ချိန်မှစ၍ ကဏ္ဍအသီးသီးတွင် လူမျိုးမရွေး၊ ဘာသာမရွေး နိုင်ငံတာ်နှင့် ပြည်သူမတွက် ကျပ်ငွေ ၁၅၄ ဘီလီယံကျော် လှူဒါန်းခဲ့သည်။
မြန်မာနိုင်ငံအတွင်း ရေအခက်အခဲဖြစ်နေသောဒေသများအနေဖြင့် သန့်ရှင်းသောရေ လိုအပ်ပါက ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း အောက်မြန်မာပြည် ဖုန်း ဝ၁-၅၀၂၈၆၈ နှင့် အထက် မြန်မာပြည် ဝ၂-၂၀ဝ၀၁၆၆ သို့ဆက်သွယ်နိုင်ကြောင်းသိရသည်။
(သတင်းစဉ်)



