ရန်ကုန် ၂၄  ဧပြီ

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ နှစ်စဉ် တပေါင်း၊ တန်ခူး နွေရာသီကာလသို့ရောက်ရှိလျှင် မြို့ပေါ်ရှိ ရပ်ကွက်နှင့် ကျေးရွာအချို့တွင် သောက်သုံးရေကန်များ ခန်းခြောက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး သောက်သုံးရေ အခက်အခဲများ ရင်ဆိုင်ကြုံတွေ့လျက်ရှိကြောင်း သိရသည်။

 

ဒလမြို့နယ်အတွင်းရှိ (၁၁)ရပ်ကွက်၊ (၁၄)ရပ်ကွက်၊ ရာဇသင်္ကြန်ရပ်ကွက်နှင့် ခနောင်ချောင်းဝ ကျေးရွာတို့တွင် သုံးရေအတွက် အဆင်ပြေသော်လည်း သောက်ရေအတွက် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ဒလမြို့နယ်သည် ရေချိုမထွက်ဘဲ ရေငန်များသာထွက်ရှိသော မြို့နယ်ဖြစ်သောကြောင့် မိုးရာသီတွင် ရေကန်များ၌သာ သိုလှောင်ပြီး နွေရာသီတွင် သောက်သုံးနေရသည့်အတွက် နှစ်စဉ်နှစ်တိုင်း သောက်သုံးရေရှားပါးမှုနှင့် ရေခန်းခြောက်မှုများကြောင့် ရေကို ချွေတာသုံးနေရကာ ယခုအခါမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာအချို့၌ အချိန်ဖြင့် သောက်သုံးရေ ပေးဝေနေရကြောင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။

 

နွေရာသီ သောက်သုံးရေရှားပါးမှုကြောင့် စိတ်ပူပန်မှုများနှင့် ကြုံတွေ့နေရသည်မှာ ၂၀၁၀ ခုနှစ်မှ စတင်ခဲ့ပြီး ယနေ့အချိန်ထိ ရေမလုံလောက်မှုအတွက် ပူပန်နေရသဖြင့် မြို့ပေါ်ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် မြေသားရေကန် များကိုသာ သောက်သုံးရေအဖြစ် အဓိက အားထားသုံးစွဲနေရကာ နှစ်စဉ် လူဦးရေတိုးပွားလာမှုကြောင့်  သောက်သုံး ရေကန်များမှာ လူဦးရေနှင့် မျှတမှုမရှိကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

 

ထို့အတူ  နွေရာသီကာလအတွင်း ဒေသခံပြည်သူများ သောက်သုံးရေလုံလောက်စွာ ရရှိရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့နယ်ရေပေးဝေရေးစခန်းရှိ သောက်ရေသန့်စက်မှ တစ်ရက်လျှင် ဂါလံ (၅၀ဝ၀)ခန့် ထွက်ရှိသော သောက်ရေသန့်အား ဖြန့်ဝေပေးနိုင်ရေးအတွက်  မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များနှင့် ချိတ်ဆက်၍  လိုက်လံပေးဝေလျက်ရှိကာ သောက်သုံးရေကန်များ ခန်းခြောက်မှုရှိပြီး ရေနည်းပါးလျက်ရှိသော ကျေးရွာများသို့ သောက်သုံးရေများ ပိုမိုဖြန့်ဝေပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဒလမြို့နယ်တွင် ရပ်ကွက် (၂၄)ရပ်ကွက်၌ မြေသားရေကန်ပေါင်း ၁၂၄ ကန်၊ ကျေးရွာအုပ်စု ၂၃ အုပ်စု၊ ကျေးရွာပေါင်း ၅၄ ရွာ၌ မြေသားရေကန်ပေါင်း ၂၀၅ ကန် စုစုပေါင်း ၃၂၉ ကန်ရှိပြီး၊ အိမ်ခြေပေါင်း ၃၇၂၂၅၊ အိမ်ထောင်စုပေါင်း ၃၉၃၆၀၊ လူဦးရေ စုစုပေါင်း ၁၆၂၈၉၃ ဦးရှိကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)

 

1