ပွင့်ဖြူ ၂၄ ဧပြီ   

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်း ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဆင်းရဲမှုလျော့ချနိုင်ရန် ရည်ရွယ်၍ မြစိမ်းရောင် စီမံကိန်းဝင် ကျေးရွာများကို စိစစ်ရွေးချယ်ပြီး မြစိမ်းရောင်စီမံကိန်း ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ မြစိမ်းရောင်စီမံကိန်းချေးငွေဖြင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေသည့် မြစိမ်းရောင် စီမံကိန်းဝင် ကျေးရွာများအား ဧပြီ ၂၃ ရက်၊ နံနက် ၁၀ နာရီ ခွဲက မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမြင့်သိန်း ဦးဆောင်သော ခရိုင်လုပ်ငန်း စစ်ဆေးရေး အဖွဲ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ယင်းသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ် မြစိမ်းရောင်စီမံကိန်းဝင် ကျေးရွာများဖြစ်သည့် ရေဖြူတွင်း ကျေးရွာ၊ မဲရင်းကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာများသို့ သွားရောက်ပြီး ကျေးရွာမြစိမ်းရောင် စီမံကိန်းရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်နေသည့် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့် အခြား အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ၏ ငွေစာရင်း၊ ဇယားများ စနစ်တကျ ရေးသွင်းထားမှု ရှိ/ မရှိ၊ စီမံကိန်းချေးငွေဖြင့် မြေပြင်တွင် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အမှန်တကယ် အောင်မြင် အကျိုးဖြစ်ထွန်းမှု ရှိ/ မရှိ တို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

ထို့နောက် မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမြင့်သိန်းနှင့် တာဝန်ရှိသူများ အဖွဲ့က မြစိမ်းရောင်စီမံကိန်းဝင် ကျေးရွာများအလိုက် စီမံကိန်းလုပ်ငန်းများ ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စီမံကိန်း ချေးငွေများ လေလွင့်ဆုံးရှုံးမှုများ မဖြစ်စေရေးအတွက် ကျေးရွာစီမံကိန်း ရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ရှင်းလင်းဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်း ကျေးလက်နေ ပြည်သူများ ဆင်းရဲမှုလျော့ချနိုင်ရန်နှင့် ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ်မှ စတင်ကာ ဖွံ့ဖြိုးမှုအားနည်းသောကျေးရွာများကို စိစစ်ရွေးချယ်၍ မြစိမ်းရောင် စီမံကိန်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်း မြစိမ်းရောင်စီမံကိန်းဝင်ကျေးရွာ စုစုပေါင်း ၃၂ ရွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်မော် ထံမှ သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)