ဘားအံ ၂၄ ဧပြီ
မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့်လျော့ချရေး ဆရာဖြစ်သင်တန်းကို ယနေ့ နံနက် ၁၀ နာရီက ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဧဒင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ဖွံ့ဖြိုးရေးမဏ္ဏိုင်အဖွဲ့(ရန်ကုန်)မှ စီမံကိန်းဒါရိုက်တာ ဦးညီညီအောင်က မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး စီမံကိန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဖွံ့ဖြိုးရေးမဏ္ဏိုင်အဖွဲ့၊ ကရင်ပြည်နယ် ဧရိယာညှိနှိုင်းရေးမှူး ဒေါ်နန်းမြင့်အောင်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ဆက်လက်၍ ကရင်ပွင့်လင်း အုပ်စု ဥက္ကဌ ဦးမောင်ကိုက သင်တန်းပြုလုပ်ရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
သင်တန်းတွင် ကော့ရိတ်မြို့နယ်နှင့် ဘားအံမြို့နယ်အတွင်း စီမံကိန်းကျေးရွာများမှ သင်တန်းသား သင်တန်းသူ(၂၅)ဦး တက်ရောက်ပြီး မူးယစ်ဆေးဝါးအဓိပ္ပာယ်၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါး၏ အာနိသင်၊ ဆေးဝါးများ၏ ချက်ချင်းအကျိုးသက်ရောက်မှု၊ ဆိုးကျိုးများ၊ စိတ်ကြွဆေးအန္တရာယ်မှ ကင်းဝေးရန် ဆောင်ရန်၊ ရှောင်ရန်များ၊ မူးယစ်ဆေးဝါး ဥပဒေပြဋ္ဌာန်းချက်များ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အရေးယူ ဆောင်ရွက်နိုင်သည့်ပုဒ်မ စသည့် အချက်များကို ဧပြီ ၂၄ ရက်မှ ၂၆ ရက်ထိ ကျေးရွာများတွင် အသိပညာပေး ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


