မိတ္ထီလာ ၂၄ ဧပြီ

      

မိတ္ထီလာမြို့နယ် သစ်တောဦးစီးဌာနမှလာမည့် မိုးရာသီကာလတွင် အရိပ်ရသစ်ပင် ၉ သောင်းကို ကျေးရွာဒေသများနှင့် လိုအပ်သည့် ရပ်ကွက်များ၌ ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးမှူး ဦးစိုးလွင်သူ ထံက သိရသည်။

           

“ဒီနှစ် ၂၀၁၉ မိုးရာသီကာလတွင် မြို့နယ်အတွင်းရပ်ကွက်ကျေးရွာများမှာ အရိပ်ရသစ်ပင် ၉ သောင်းကို ဖြန့်ဝေစိုက်ပျိုးသွားမှာ ဖြစ်ပါတယ်။ ဒေသရာသီဥတုနဲ့ကိုက်ညီတဲ့ အရိပ်ရသစ်ပင်များဖြစ်တဲ့ သစ်ပင်မျိုးများကို ရွေးချယ်ပျိုးထောင်ထားပြီး လျှော်ဖြူ ၃၅၀ဝ၀ ၊ မယ်ဇလီ ၁၅၀ဝ၀ ၊ ကုက္ကို ၈၀ဝ၀ ၊ စိန်ပန်းနီ ၁၃၀ဝ၀ ၊ တမာ ၅၀ဝ၀ ၊ မကျည်း ၈၅၀ဝ  ၊ ဗာဒံ ၁၀ဝ၀ ၊ ပိတောက် ၁၀ဝ၀ ၊ ကျွန်း ၉၀ဝ ၊ ယူကလစ် ၂၆၀ဝ  စုစုပေါင်း သစ်ပင်ပျိုးပင်ပေါင်း ၉ သောင်း ဖြန့်ဝေစိုက်ပျိုးပေးသွားမှာ ဖြစ်ပါတယ်။ လျှော်ဖြူပင် ၃၅၀ဝ၀ ပင်ကို မိတ္ထီလာကန် ၊ ရှမ်းမငယ်ဆည်  နဲ့ မုန်တိုင်ဆည်များရဲ့ ရေဝေဒေသအထက်ပိုင်း ကျေးရွာများမှာ သီးနှံသစ်တော ရောနှောစိုက်ပျိုးနိုင်ဖို့ ဖြန့်ဝေသွားမှာဖြစ်ပါတယ်။ အဲဒီကျေးရွာတွေက ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးဖြစ်လို့ မေလအကုန်ပိုင်းလောက်မှာ ပျိုးပင်တွေကို   စတင်ဖြန့်ဝေပေးမှာပါ။ တမာ၊ စိန်ပန်း၊ မယ်ဇလီ၊ ဗာဒံ၊ ကုက္ကို စတဲ့ အရိပ်ရအပင်တွေကိုလည်း ရပ်ကွက်ကျေးရွာတွေနဲ့ ဌာနဆိုင်ရာများ၊ ကျာင်းများနဲ့ တပ်ရင်းတပ်ဖွဲ့များ အတွက်လည်း ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်”ဟု မြို့နယ်သစ်တောဦးစီးမှူး ဦးစိုးလွင်သူက ပြောသည်။

           

မိတ္ထီလာမြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၁၈ မိုးရာသီကာလတွင် ကျွန်း၊ လျှော်ဖြူ၊ မယ်ဇလီ၊ ယူကလစ်၊ ကုက္ကို၊ စိန်ပန်း၊ တမာ၊ မန်ကျည်း အစရှိသည့် သစ်ပင်ပျိုးပင်ပေါင်း ၈၆၅၀ဝ ပင်အား မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ၊ ဌာနဆိုင်ရာများ ၊ ကျောင်းများနှင့် တခြားစိုက်ပျိုးလိုသည့်နေရာများသို့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

 

ချမ်းသာ(မိတ္ထီလာ)