မိတ္ထီလာ ၂၄ ဧပြီ
မန္တလေးတိုင်းဒေသကြီး ပင်တလဲဓာတ်အားခွဲရုံနှင့် အနီးပတ်ဝန်းကျင်ကျေးရွာ (၁၃)ရွာ လျှပ်စစ်မီးရရှိရေး ၁၁ ကေဗွီ၊ ၃၃ ကေဗွီ ဓာတ်အားလိုင်းများနှင့် ထရန်စဖော်(၁၂)လုံး တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း မိတ္ထီလာခရိုင် လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။
ပင်းတလဲဓာတ်အားခွဲရုံနှင့် အနီးပတ်ဝန်းကျင်ကျေးရွာ (၁၃)ကျေးရွာ လျှပ်စစ်မီးရရှိရေးအတွက် ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ၃၃/၁၁ ကေဗီ၊ (၅) အမ်ဗွီအေ ပင်းတလဲဓာတ်အားခွဲရုံမှ ၁၁ ကေဗွီ ဓာတ်အားလိုင်း (၆)မိုင် အသစ်တည်ဆောက်ခြင်းလုပ်ငန်း အပါအဝင် ကျေးရွာ (၁၃)ရွာအတွင်း လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ၃၃ ကေဗွီ ဓာတ်အားလိုင်း (ဝ ဒသမ ၄၄)မိုင်၊ ၁၁ ကေဗွီဓာတ်အားလိုင်း (၁၀ ဒသမ ၇၁)မိုင် တည်ဆောက်ခြင်းနှင့် ၃၃/ဝ.၄ ကေဗွီ ထရန်စဖော်မာ (၂)လုံး၊ ၁၁/ဝ.၄ ကေဗွီ ထရန်စဖော်မာ (၁၀)လုံး တည်ဆောက်ခြင်း စသည့် လုပ်ငန်းများအား တင်ဒါအောင်မြင်သည့် Pyi Lin Htain Co;Ltd မှ လုပ်ငန်းများကို မတ် ၂၁ ရက်မှ စတင်၍ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများကို သြဂုတ် ၂၀ ရက်တွင် အပြီးဆောင်ရွက်မည်ဖြစ်ပြီး မီးလင်းရေးလုပ်ငန်းများ ပြီးစီးပါက ပင်တလဲဓာတ်အားခွဲရုံနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများဖြစ်သည့် မကျည်းတော၊ ရိုးကျေးရွာ၊ ကိုင်းရွာသစ်၊ ဗျင်းကြီး၊ ရွာသစ်၊ ကျွဲသား၊ ညောင်ပင်ကုန်း၊ ညောင်တို၊ လက်ပက်ကုန်း၊ ကန်ပတ်လည်၊ မြောက်ဆည်၊ ဉာဏ်ကန်၊ ဂွေးကုန်းကျေးရွာများတွင် (၂၄)နာရီ လျှပ်စစ်မီးလင်းတော့မည် ဖြစ်သည်။
အလားတူ မီးမလင်းသေးသည့် အခြားကျေးရွာများတွင်လည်း လျှပ်စစ်မီးရရှိရေး ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ခရိုင်လျှပ်စစ်မန်နေဂျာရုံးမှ ဦးယုမော်က ပြောသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


