အရာတော်  ၂၄  ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ပွဲကို  ဧပြီ ၂၃ ရက်က လေဘေးသင့် ကျေးရွာများတွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

အရာတော်မြို့နယ် ငွေတွင်း၊ ဝါးတန်း၊ မကျည်းစောက်နှင့် ကျောက်ပျောက် စသည့် ကျေးရွာအုပ်စုများတွင် ဧပြီ ၁၈ ရက်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များနှင့် သာသနိက အဆောက်အဦအချို့ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

လေဘေးသင့် အိမ်ထောင်စုများတွင် နေအိမ်ပြိုလဲခြင်းအတွက် ထောက်ပံ့ငွေကျပ် တစ်သိန်း၊ အဝတ်အထည်များ၊ မိုးကာ၊ ဆေးရည်စိမ်ခြင်ထောင်၊ ပစ္စည်း(၁၂)မျိုးပါ ပုံးတစ်ပုံးနှင့် အိုးခွက်များကို ထောက်ပံ့ပေးအပ်ခဲ့သည်။

 

အရာတော်မြို့နယ်အတွင်း ဧပြီ ၁၈ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် ဝါးတန်းကျေးရွာအုပ်စုမှ အိမ်ထောင်စု (၁၆၁)စု၊ ငွေတွင်းကျေးရွာအုပ်စုမှ အိမ်ထောင်စု (၄၂)စုနှင့် သာသနိက အဆောက်အဦ (၃)လုံး၊ မကျည်းစောက် ကျေးရွာအုပ်စုမှ အိမ်ထောင်စု (၄၁)စု၊ ကျောက်ပျောက်ကျေးရွာအုပ်စုမှ အိမ်ထောင်စု(၂၅)စုတို့ လေဘေးသင့်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)